ကော့မှူးတွင် ပျော်ရွှင်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ကော့မှူး ဧပြီ ၉

ယနေ့လူငယ်နောင်ဝယ်လူကြီးဖြစ်လာမည့် အနာဂတ်မျိုးဆက်သစ်လူငယ်များအနေဖြင့် စာပေဗဟုသုတကြွယ်ဝပြီး ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စေရန်ရည်ရွယ်၍ ယမန်နေ့ ညနေ ၄ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းအားကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က စာအုပ်စာပေလူမိတ်ဆွေဆိုသည့်အတိုင်း အသိဉာဏ်ပညာကိုဖြစ်စေမည့် စာအုပ်စာပေများကို ဖတ်ရှုကြရန်၊ လူငယ်များအနေဖြင့် စာဖတ်ခြင်းကို အချိန်ပေး၍ အလေ့အကျင့်ကောင်းလေးတစ်ခုအနေဖြင့် ပြုလုပ်သင့်ကြောင်း၊ စာအုပ်စာပေဖတ်ရှုခြင်းကြောင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ကြောင်းနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး Book Club အဖွဲ့ဝင်မောင်ကျော်သီဟက စာရေးဆရာ ကိုကိုလှိုင်ရေးသားသည့် “ပျော်ရွှင်ခြင်း” စာအုပ်ထဲမှ ပျော်ရွှင်မှုနှင့် အခက်အခဲခေါင်းစဉ်ဖြင့်လည်းကောင်း၊ မသီရိနိုင်က ကိုယ်လိုချင်တဲ့အတိုင်း ဖြစ်မလာတဲ့အခါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်အာကာကျော်က စိတ်ဓာတ်ကြံ့ခိုင်မှုခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍စာဖတ်ဝိုင်းတွင် Book Club အဖွဲ့ဝင်မောင်ကျော် သီဟကဆွေးနွေးရာတွင် ဘဝတွင်သက်တောင့်သက်သာအဆင် ပြေပြေနေထိုင်ရရင်ပျော်ရွှင်မှုရ မယ်လိုထင်ကြောင်း၊ ပြဿနာ‌နည်းလေပျော်ရွှင်မှုရှိလေမဟုတ်ပါကြောင်း၊ တကယ်တော့အပျော်ဆုံးလူတွေက ပြဿနာအများဆုံးတွေဖူးတဲ့လူတွေဖြစ်ပါကြောင်း၊ ပြဿနာအခက်အခဲတွေနဲ့ ရင်ဆိုင်ရာတဲ့အခါ လူနှစ်မျိုးကွဲသွားကြောင်း၊ ပြဿနာတွေအခက်အခဲတွေကို ဇွဲရှိရှိနဲ့ရင်ဆိုင်ကျော်လွှားသူတွေက အောင်မြင်ပျော်ရွှင်‌သူတွေဖြစ်လာပြီး ပြဿနာတွေအခက်အခဲတွေကို လက်မြှောက်အရှုံးပေးသူကတော့ ဘဝမှာကျဆုံးသူတွေဖြစ်ပါကြောင်း၊ နောက်တစ်ချက်ကတော့ ပျော်ရွှင်မှုဆိုတာ သင့်ရဲရွေးချယ်မှုဖြစ်ကြောင်း၊ လူဆိုတာပြဿနာတွေ အခက်အခဲတွေနဲ့ မသေမချင်းတစ်ခုပြီး တစ်ခုတွေ့နေရပြီး တွေ့လာတဲ့ပြဿနာတိုင်း အခက်အခဲတိုင်းရဲ့နောက်မှာ အခွင့်အရေးတွေလည်းရှိနေပါကြောင်း၊ ပြဿနာတိုင်းအခက်အခဲတိုင်းကို ဖြေရှင်းနိုင်တဲ့နည်းလမ်းက အမြဲရှိနေကြောင်း၊ ဇွဲရှိရှိနဲ့ရှာနိုင်ဖို့လိုပြီး ဖြေရှင်းနိုင်ပြီးဆိုရင်တော့ မမျှော်လင့်တဲ့ အကျိုးကျေးဇူးတွေ အခွင့်အရေးတွေရရှိမှာဖြစ်ကြောင်း၊ ပြဿနာတွေအခက်အခဲတွေကို အောင်မြင်အောင်ကျော်လွှားနေရင်းနဲ့ ပျော်ရွှင်မှုကိုလည်း ပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

ကျော်သူရ