မိုးကုတ် ဧပြီ ၉
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းခြင်းဆိုင်ရာ အသိပညာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်က ပြည်သူ့စစ်မှုထမ်းအဓိပ္ပယ်ဖွင့်ဆိုချက်၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ တာဝန်မှယာယီရွေ့ဆိုင်းသည့်အချက်များ၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုသည့်အချက်များ၊ ပြည်သူ့စစ်မှုထမ်းရာတွင် အကြောင်းအကြားသည့် ပုံစံ၊ လျှောက်ထားရမည့်ပုံစံအမျိုးအစား၊ ရွေးချယ်ပုံအဆင့်ဆင့်တို့ကို ရှင်းပြဆွေးနွေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကျော်သူရွှေက ပြည်သူ့စစ်မှုထမ်းဆိုင်ရာဥပဒေများ၊ ပြဋ္ဌာန်းချက်များ၊ပြစ်မှုပြစ်ဒဏ်များ၊ စုံစမ်မေးမြန်းရန်ကိစ္စများကို ထပ်ဆင့် ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသူများမှ သိလိုသည်များ ပြန်လည်မေးမြန်းခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ရာ တက်ရောက်လာသူများအား ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
နန်းခွာညိုနှင်း