ညောင်ဦးခရိုင်အတွင်း မဟာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ညောင်ဦး  ဧပြီ  ၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းရှိ မြို့နယ်များ မဟာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက အမှာစကားပြောကြားရာတွင် ညောင်ဦးခရိုင်အတွင်းရှိမြို့နယ်များ မဟာသင်္ကြန်ပွဲတော်ကို ယဉ်ကျေးမှုအစဉ်အလာများနှင့်အညီကျင်းပနိုင်ရေး၊ သင်္ကြန်ယိမ်းများ၊ တကိုယ်တော်ယိမ်းများဖြင့် စည်းကားသိုက်မြိုက်စွာကျင်းပနိုင်ရေး၊ နှစ်ဆန်းတစ်ရက်နေ့ သက်ကြီးပူဇော်ပွဲကျင်းပနိုင်ရေးစသည်ဖြင့် အမှာစကားပြောကြားသည်။ပြီးနောက် ညောင်ဦးခရိုင် စီမံအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက မဟာသင်္ကြန်ပွဲတော်ကာလ ပြည်သူများစိတ်အေးချမ်းသာစွာ ရေကစားနိုင်ရေးနှင့်လုံခြုံရေးဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားသည်။

ပြီးနောက် ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်က မဟာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှုအခြေ အနေများနှင့်ရေရရှိမှု အခြေအနေများ၊ ယိမ်းအဖွဲ့များပြင်ဆင်ထားရှိမှုနှင့်တကိုယ်တော် ယိမ်းသမများပြင်ဆင်ထားရှိမှုတို့အား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်လာသည့် ကျောက်ပန်းတောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦးက မဟာသင်္ကြန်ကြိုတင်ပြင်ဆင်ထားရှိမှုတို့အားရှင်းလင်းတင်ပြီး တက်ရောက်လာသည့် ခရိုင်အဆင့် ဌာနဆိုင်ရာများက ကျရာအခန်းကဏ္ဍအလိုက် လုပ်ဆောင်ထားရှိမှုတို့အားရှင်းလင်း တင်ပြကြကာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဒီပါလင်း