ကျောက်ဖြူ ဧပြီ ၉
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နေ့လယ်ပိုင်းက လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ယုယုနွယ်က လူငယ်များသည် နောင်တစ်ချိန်တွင် အနာဂတ်နိုင်ငံတော်ကြီးကို လက်ဆင့်ကမ်း သယ်ပိုးထမ်းရွက်လာကြရမည်ဖြစ်၍ ယခုအရွယ်မှစပြီး ဗလငါးတန်နှင့်ပြည့်စုံရမည်ဖြစ်ကြောင်း၊ “ဗလငါးတန်ဖွံ့ဖြိုးဖို့ စာအုပ်စာပေလေ့လာစို့” ဟူသည့် ဆောင်ပုဒ်အတိုင်း လူငယ်များအနေဖြင့် အသိပညာဗဟုသုတများရရှိစေမည့် စာအုပ်၊ စာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် အခမဲ့ဖတ်ရှုငှားရမ်းနိုင်ကြောင်း၊ ယင်းသို့စာအုပ်များ လာရောက်ငှားရမ်းဖတ်ရှုခြင်းဖြင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုများရှိလာပြီး အသိပညာဗဟုသုတများလည်း တိုးပွားလာမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ကျောက်ဖြူခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ပြိုင်ပွဲများ၊ သင်တန်းများနှင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသဖြင့် သင်တန်းများကို အခမဲ့တက်ရောက်နိုင်ပြီး ပြိုင်ပွဲများအား ပါဝင်ယှဉ်ပြိုင်ကြစေရန် တိုက်တွန်းလိုပါကြောင်း စသည်ဖြင့် အကျယ်တဝင့် ရှင်းလင်းဟောပြောသည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူလူငယ်များသည် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)