မြင်းခြံ ဧပြီ ၉
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် သတင်းရေးသားနည်းသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
"ကျွန်မတို့ မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်အောက်ရှိ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန်မြို့နယ်များမှ သတင်းရေးသားလုပ်ကိုင်ဆောင်ရွက်နေသော ဓာတ်ပုံ-၂ ဝန်ထမ်းများနှင့် ခရိုင်ရုံးမှ ဝန်ထမ်းများအား သတင်းရေးသားခြင်းလုပ်ငန်းကို သိရှိနားလည်ရေးသားတတ်စေရန်အတွက် ယခုလို သင်တန်းဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ပါတယ်။ ဧပြီလ ၁၀ ရက်နေ့မှာတော့ ကောင်းမွန်သည့် သတင်းဗီဒီယိုများ ရိုက်ကူးထုတ်လွှင့် တင်ဆက်နိုင်စေရန်အတွက် သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်ခြင်းကိုလည်း သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း" မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က ပြောသည်။
အဆိုပါ သတင်းရေးသားနည်းသင်တန်းကို မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က သတင်းများပေးပို့ရာတွင် လိုက်နာရမည့်အချက်များနှင့် တောင်သာမြို့နယ်ဦးစီးအရာရှိ ဦးရဲဝင်းအောင်က သတင်းကောင်း တစ်ပုဒ်တွင် ပါဝင်သင့်သည့် အချက်များနှင့် မြင်းခြံခရိုင် ဓာတ်ပုံကျွမ်းကျင်-၂ ဦးကျော်စွာဟိန်းက သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်ခြင်း လုပ်ငန်းများကို ဆွေးနွေးပို့ချ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။ သတင်းရေးသားနည်းသင်တန်းသို့ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန်မြို့များမှ ဝန်ထမ်းများနှင့် ခရိုင်ရုံးမှ ဝန်ထမ်းများ စုစုပေါင်း (၉) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အေးမြ(အညာမြေ)