မြစ်သားမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များငှားရမ်းပေး

မြစ်သား ဧပြီ   ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ စာပေဖတ်ရှု့မှုမှရရှိသည့် ဗဟုတုတများတိုးပွားစေရန်   စာအုပ်စာစောင်များကို Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာရုံးများအရောက် ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးနှင့် မြို့နယ်မီးသတ်ဦးစီးဌာနရုံးများရှိ ဝန်ထမ်းများအား စာအုပ်စာစောင်များကို (အခမဲ့ )ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အလုပ်တာဝန်များကြောင့် စာကြည့် တိုက်သို့ လာရောက်ငှားရမ်းရန် အခက်အခဲရှိသည့် စာဖတ်ပရိသတ်များအတွက် စာဖတ်သူများအဆင်ပြေစေရန်၊ စာဖတ်သည့်အလေ့ အကျင့်ကောင်းများရရှိစေရန်၊ စာဖတ် ရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်၍ သုတစာအုပ်များ၊ ဝတ္ထု၊ မဂ္ဂဇင်းစာအုပ်များကလေးများအတွက် ပုံပြင်စာအုပ်များ စုံလင်စွာမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၏ လက်ဝယ်အရောက် ငှားရမ်းပေးခဲ့ရာ စုစုပေါင်း စာငှားသူဦးရေ (၄၅)ဦးရှိကြောင်း ဒုတိယဦးစီးမှူး ဒေါ်အိအိမွန်ထံမှ သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  မြစ်သားမြို့နယ်ရုံးဝန်ထမ်းများအနေဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာပေများကို အလွယ်တကူလေ့လာဖတ်ရှုနိုင်စေရန် ဌာနဆိုင်ရာရုံးများသို့ လစဉ်သွားရောက်၍ စာအုပ်အသစ်များနှင့်လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းမင်းထွန်း (မြစ်သား)