ဇေယျာသီရိ နိုဝင်ဘာ ၆
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ယာယီမဲရုံ တည်ဆောက်ထားရှိမှုအား ယမန်နေ့က နေပြည်တော်ကောင်စီဝင်ဦးညီထွန်းနှင့် တာဝန်ရှိသူများက ကြည့်ရူစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် နေပြည်တော်ကောင်စီဝင်ဦးညီထွန်း၊ နေပြည်တော် ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းထွေး၊ အတွင်းရေးမှူး ဦးအောင်စိုးဝင်း၊ ဥတ္တရခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ တို့က ယာယီမဲရုံတည်ဆောက်ထားရှိ အခြေအနေများအား ကြည့်ရူစစ်ဆေးရာ ဇေယျာသီရိမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးထင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ အတွင်းရေးမှူး ဦးမြင့်ကိုတို့က ပြည်သူများဘေးကင်း လုံခြုံစွာဆန္ဒမဲပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားမှုများနှင့် မဲရုံလုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် နေပြည်တော်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ တို့က ရွေးကောက်ပွဲ ကိုစံ(၅)ချက်နှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များကို အထူးအလေးထားလိုက်နာ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။
ဇေယျာသီရိမြို့နယ်တွင် ရပ်ကွက် (၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၃)အုပ်စုရှိပြီး စုစုပေါင်းမဲရုံ (၇၄)ရုံ၊ မဲဆန္ဒရှင်စုစုပေါင်း (၈၂၁၇၄)ဦးခန့်၊ အသက် (၆ဝ)နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲ ပေးပြီးသူ (၈၆ဝ၈)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌ ဦးအောင်သူစိုးထံမှ သိရသည်။
အေးလင်းထွန်း(ပြန်/ဆက်)