နေပြည်တော် ဧပြီ ၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း တိုင်း၊ ခရိုင်၊ မြို့နယ်များတွင်တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် စာကြည့်တိုက်လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်စေရန်နှင့် Digital Library Management System(DLMS) အား စနစ်တကျ အသုံးပြုတက်စေရန် ရည်ရွယ်၍ စာကြည့်တိုက်ပညာသင်တန်းကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အဖွင့်အမှာစကားပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က သင်တန်းတွင် သင်ကြားပို့ချမည့် သင်ခန်းစာများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် သင်တန်းကို ဆက်လက်ကျင်းပရာ သင်တန်းနည်းပြများက စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေး၊ စာကြည့်တိုက်ဆိုင်ရာ သိသင့်သည့်အချက်များ၊ စာကြည့်တိုက်မှူးများ၏ စာကြည့်တိုက်နှင့်ပတ်သက်သည့် တာဝန်ဝတ္တရားများ စသည်တို့ကို သင်တန်းသူ/သင်တန်းသားများအား ဧပြီလ ၉ ရက်နေ့မှ ၁၀ ရက်နေ့အထိ နှစ်ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်အတွင်းရှိ စာကြည့်တိုက်တာဝန်ခံနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုသင်တန်းအပြင် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားလာစေရန် အထောက်အကူဖြစ်စေမည့် အခြားသင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေထက်ပိုင်(ပြန်/ဆက်)