ငါန်းဇွန်မြို့၌ (၃၅)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ငါန်းဇွန် ဧပြီ ၉

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ယနေ့နံနက် ၇ နာရီအချိန်က ၂၀၂၃ ခုနှစ်အစိုးရပါဠိ ပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သော စာအောင်သံဃာတော်များအား မြို့တွင်းသို့ လှည့်လည် ပူဇော်ခံပြီး ငါန်းဇွန်မြို့ အမှတ်(၁)ရပ်ကွက် ရတနာပုံကျောင်းတိုက် ဓမ္မာရုံတွင် (၃၅) ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆို၍ (၃၅)ကြိမ်မြောက် စူဠဘွဲ့နှင်သဘင်အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ပါဠိပထမပြန်စာမေးပွဲ နာယကဆရာတော် ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဒေါက်တာဘဒ္ဒန္တနရပတိထံ ငါးပါးသီလခံယူဆောက်တည်၍ ဩဝါဒခံယူကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္က ဦးမျိုးမင်းသိန်းက သာသနာရေးဆိုင်ရာ ကိစ္စရပ်များ လျှောက်ထားပြီး ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် စာအောင်သံဃာတော် ပထမကြီးတန်း၌ (၄)ပါး၊ ပထမလတ်တန်း၌ သံဃာတော်(၃)ပါး၊ ပထမငယ်တန်း(၁၁)ပါးနှင့် လူပုဂ္ဂိုလ်(၃)ဦး၊ အခြေပြုမူလတန်း၌ သံဃာတော်(၁)ပါး၊ စုစုပေါင်း (၂၂)ပါး ရှိသည်ဖြစ်ရာ အခမ်းအနားသို့ တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများက စာအောင်သံဃာတော်များနှင့် လူပုဂ္ဂိုလ်တို့အား စာအောင်လက်မှတ်နှင့် လှူဖွယ်ဝထ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ပူဇော်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကြွရောက်လာသော မြို့နယ်သံဃာ့နာယကဆရာတော်များအား လှူဖွယ်ဝထ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပူဇော်ပြီး လှူဒါန်းမှုအစုစုတို့အတွက် ဆရာတော်ဒေါက်တာ ဘဒ္ဒန္တနရပတိထံ ရေစက်သွန်းချအမျှဝေကာ ဗုဒ္ဓသာသနံစိရံတိတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။              

သက်နောင်ဦး(ငါန်းဇွန်)