တံတားဦးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပပြီး ပုံပြင်ပြောပြိုင်ပွဲကျင်းပ

တံတားဦး ဧပြီ ၉

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းအကြောင်း အသိပညာပေး ဟောပြောပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးဟောပြောရာတွင် ကျောင်းသား/သူများအနေဖြင့် မော်တော်ယာဉ်မောင်းနှင်သူများ၊ မော်တော်ဆိုင်ကယ်စီးနင်းလာသူများအား ယာဉ်မောင်းများ လိုက်နာရမည့်အချက်များ၊ ဆိုင်ကယ်စီးနင်းသူများ လိုက်နာရမည့်အချက်များ၊ မော်တော် ဆိုင်ကယ်တွင် နောက်ကြည့်မှန်တပ်ဆင်စီးနင်းကြရန်နှင့် ဆိုင်ကယ်ရှေ့အောက်မီးကို နေ့/ညဖွင့်၍ မောင်းနှင်ကြရန်၊ ထို့အပြင် ၂၀၂၀-ပြည့်နှစ် ထုတ်ပြန်ထားသည့် မော်တော်ယာဉ် ဥပဒေအကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်က ယာဉ်စည်းကမ်းလမ်းစည်းကမ်းအတွက် ဆောင်ရန်၊ ရှောင်ရန်များကို ပြောကြားပေးသည်။

ထို့နောက် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသူများက ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ပတ်သတ်သက်၍ မိမိတို့သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ မြို့နယ်ဦးစီးအရာရှိနှင့် ဒုတိယဦးစီးမှူးတို့က ပြန်လည်ဖြေကြားပေးပြီး အခမ်းအနားသို့ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီအရာရှိနှင့် ဝန်ထမ်းများ၊ တံတားဦးမြို့အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းသား/သူများ တက်ရောက်ကြသည်။ ဆက်လက်၍ ကျောင်းသား/သူများ အသိပညာ ဗဟုသုတတိုးပွားရေးနှင့် နှုတ်မှုစွမ်းရည်မြင့်မားရေးအတွက် ပုံပြင်ပြောပြိုင်ပွဲကျင်းပပေးပြီး ကျောင်းသား/သူများအား မြို့နယ်ဦးစီးအရာရှိနှင့်  ဝန်ထမ်းများက အမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)