တံတားဦး ဧပြီ ၉
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် သူငယ်တော်ကျေးရွာ ဖြူစင်စေတနာ လူမှုကူညီရေးအသင်း မျက်နှာစုံညီအစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အဆိုပါကျေးရွာ အသင်းရုံးတွင် ကျင်းပကြောင်း သိရသည်။
ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားတွင် ဖြူစင်စေတနာ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးမိုးကျော်က မျက်နှာစုံညီအစည်းအဝေး ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး အသင်းဝင် ဦးထွန်းလင်းက အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ခြင်းနှင့် ပတ်သက်ပြီး လုပ်ထုံး လုပ်နည်းများကို ရှင်းလင်းပြောကြားပြီး အသင်းဝအတွင်းရေးမှူး ဦးစံလွင်က အသင်းအလုပ်မှုဆောင် ကော်မတီအစီရင်ခံစာနှင့် ဘဏ္ဍာ ရေးအစီရင်ခံစာများကို ဖတ်ကြားပြီး အတည်ပြုခြင်း၊ သက်တမ်းပြည့် အမှုဆောင်ဟောင်းများ နှုတ်ထွက်ကြောင်း ကြေညာခြင်းများ ကို ဆောင်ရွက်ကြသည်။
ဆက်လက်၍ သူငယ်တော်ကျေးရွာ ဖြူစင်စေတနာ လူမှုကူညီရေးအသင်း အမှုဆောင်သစ်ဥက္ကဋ္ဌအဖြစ် ဦးဉာဏ်ထွန်းကိုလည်းကောင်း၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးစံလွင်ကိုလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ဦးကျော်ထူး တို့အားရွေးချယ်တင်မြှောက်ပေးခဲ့ကြပြီး ကျေးရွာရပ်မိရပ်ဖများကို နာယကကြီးများအဖြစ် လည်းကောင်း၊ အဖွဲ့ဝင်(၁၁)ဦး ယာဉ်မောင်း(၇)ဦးဖြင့် ဖွဲ့စည်းထားသည်။ ထို့နောက် အဆိုပါကျေးရွာ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးဉာဏ်ထွန်းက ရှေ့ဆက်လက်ပြီး ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
ရဲတင့်(ပြန်/ဆက်)