ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာကြည့်တိုက်များ ‌ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

ပုဗ္ဗသီရိ ဧပြီ ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ စာကြည့်တိုက်များ စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေးပွဲကို ယနေ့ နံနက် ၈ နာရီက အဆိုပါရုံးပြည်သူ့စာကြည့်တိုက်၌ ကျင်းပရာ နေပြည်တော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ပုဗ္ဗသီရိမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်၊ နေပြည်တော် စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်တာ၊  ဖောင်ဒေးရှင်းအဖွဲ့ဝင် ဦးရဲလင်းအောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ထက်မျက်လွင်နှင့် ရပ်ကွက်၊ ကျေးရွာများမှ စာကြည့်တိုက်ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ကျေးလက်နေပြည်သူများ အသိပညာတိုးပွားရေးအတွက် ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် နေပြည်တော် စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်တာက ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သက်ဆိုင်ရာ ဌာန ဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ နေပြည်တော် စာကြည့်တိုက် များ ဖောင်ဒေးရှင်းအနေဖြင့်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိတ်ဖက် အဖွဲ့အစည်းဖြစ်သည့် စာရေးဆရာများ၊ ပြန်/ဆက်ဌာန၊ အထွေထွေအုပ်ချုပ်‌ရေးဌာနနှင့် ဖောင်းဒေးရှင်းတို့အားလုံး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စာကြည့်တိုက်များ လည်ပတ်နိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထက်မျက်လွင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်နှင့် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာများမှ စာကြည့်တိုက်ကော်မတီဝင်များက စာကြည့်တိုက် ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကော်မတီများ ပြန်လည်ဖွဲ့စည်းခြင်း၊ ပြုပြင်ရန်လိုအပ်သည့်ကိစ္စများ၊ စာအုပ်စာစောင် ဖြည့်ဆည်း ဆောင်ရွက်မည့်ကိစ္စများ၊ စာကြည့်တိုက်ဖွင့်ချိန်၊ ပိတ်ချိန်များ အသီးသီးဆွေးနွေးတင်ပြခဲ့ကြသည်။

ထို့နောက် ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့် စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်တာတို့က ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြီး ဆက်လက် ဆောင်ရွက်ရမည့်အချက်များအား ပြန်လည်ဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)