မိုးညှင်း ဧပြီ ၉
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ယခုဘဏ္ဍာရေးနှစ်တွင် ဒေသခံပြည်သူများမှ အများဆုံးတောင်းဆိုလေ့ရှိပြီး ဒေသနှင့်လိုက်လျောညီထွေမှုရှိသော အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်း (၁၁)ကြိမ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဤဦးစီးဌာနရုံးမှ သိရသည်။
ခရိုင်အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများနှင့် မြို့ပြနေ အခြေခံပြည်သူများ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရရှိခြင်းဖြင့် ကိုယ်ပိုင်စီးပွားရေးနှင့် မိသားစု တနိုင်တပိုင် လုပ်ငန်းငယ်များ ပေါ်ထွက်လာစေခြင်း၊ သွင်းကုန်အစားထိုး တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်ပမှဝယ်ယူရသော စားသောက်ကုန်များ တင်သွင်းမှုလျော့နည်းလာစေခြင်းနှင့် သင်တန်းတက်ရောက်ပြီးသည့် သင်တန်းသားသင်တန်းသူများ အနေဖြင့် အစားအသောက်ဆိုင်ရာများကို ဥပဒေနှင့်အညီ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်သွားနိုင်မည်ဖြစ်ကြောင်း ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်မြင့်ထံမှ သိရသည်။
မိုးညှင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခင်ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်း(၆)ကြိမ်၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းသင်တန်း (၂)ကြိမ် စုစုပေါင်းသင်တန်း (၈)ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုဘဏ္ဍာရေးနှစ်တွင် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းသင်တန်း (၁)ကြိမ်၊ အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းနည်းသင်တန်း (၁)ကြိမ်နှင့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း (၃)ကြိမ်၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းသင်တန်း (၃)ကြိမ် စုစုပေါင်းသင်တန်း (၁၁)ကြိမ် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
မိုးညှင်းဒေသသည် စိုက်ပျိုးရေးကို အဓိကအားထားပြီး လုပ်ကိုင်ကြသောဒေသဖြစ်သဖြင့် လူသုံးကုန်၊ စားသောက်ကုန်၊ အလှကုန်ထုတ်လုပ်မှုနည်းပညာများ နည်းပါးသည့်အတွက် ပြည်ပနိုင်ငံများမှ တစ်ဖက်သတ် စီးဆင်းဝင်ရောက်မှုမရှိစေရန်နှင့် WHO စံနှုန်းများနှင့်အညီ စားသောက်ကုန်၊ လူသုံး ကုန်နှင့် အလှကုန်လုပ်ငန်းများ အတိုင်းအတာတစ်ခုအထိ အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်းနှင့် ဒေသခံပြည်သူများမှ အများဆုံးတောင်းဆိုလေ့ရှိပြီး ဒေသနှင့်လိုက်လျော ညီထွေမှုရှိသော အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ကာလတိုသင်တန်းများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ၎င်းဦးစီးဌာနမှ သိရသည်။
ရွှေမိုးညှင်း