ကချင်ပြည်နယ်ဝန်ကြီးချုပ် ဆွတ်ငိုင်တောင်ယာယီတိမ်းရှောင်စခန်းတွင် ခေတ္တနေရပ်စွန့်ခွာ နေထိုင်သူများအား သွားရောက်အားပေးထောက်ပံ့

မြစ်ကြီးနား ဧပြီ ၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များကြောင့် မြစ်ကြီးနား မြို့နယ်နှင့် ဝိုင်းမော်မြို့နယ်များမှ နေရပ်ကျေးရွာများကို စွန့်ခွာ၍ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်းရှိ ဆွတ်ငိုင်တောင်စခန်းသို့ ယာယီတိမ်းရှောင်လာခဲ့ကြသော အိမ်ထောင်စုများအား ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဧပြီ ၈ ရက် ညနေ ၃ နာရီက သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။

ထိုသို့ သွားရောက် တွေ့ဆုံအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိ သူများ နှင့် အတူ ဆွတ်ငိုင်တောင်စခန်းရှိ ကော်မတီရုံး၌ မိသားစုများအား တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ် က လတ်တလောနယ်မြေအခြေအနေအရ နေရပ်ကျေးရွာများကို စွန့်ခွာပြီး ယခုလို လာရောက် ခိုလှုံနေထိုင်သည့်အတွက် အခက်အခဲနှင့် လိုအပ်ချက်များ ကြုံတွေ့နေရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့အနေဖြင့် လာရောက်စိတ်ဓာတ်ခွန်အားပေးခြင်းဖြစ်သကဲ့သို့ လတ်တလော နေထိုင် စားသောက်မှုအဆင်ပြေစေရေး လာရောက်ထောက်ပံ့ပေးခြင်းဖြစ်ပြီး လိုအပ်ချက်များကိုလည်း အတတ်နိုင်ဆုံးနှင့် အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အားပေးပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက မြစ်ကြီးနားမြို့နယ် အကြဲကျေးရွာအုပ်စုနှင့် ဝိုင်းမော်မြို့နယ် ဒဘတ်ယန်ကျေးရွာ၊ ဂါးရာယန် ကျေးရွာများမှ ခေတ္တတိမ်းရှောင်လာသော အိမ်ထောင်စု (၁၀)စု၊ လူဦးရေ (၅၃)ဦးတို့အတွက် ထောက်ပံ့ငွေ ကျပ်သိန်း (၅၀)နှင့် ငွေကျပ် (၅၂၂၅၀၀) တန်ဖိုးရှိ ဆန်အိတ်များ၊ ခေါက်ဆွဲခြောက်ဖာ (၁၀)ဖာ၊ ကြက်ဥ (၁၀)ကဒ်နှင့် ဆီ(၁၀)ပိဿာတို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ယင်းနောက် အိမ်ထောင်စုများက စခန်းအတွင်း နေထိုင်စားသောက်ရာတွင် လိုအပ်ချက်များ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ အခက်အခဲများကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က မိသားစုများ၏ လိုအပ်ချက်များအပေါ် အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာတာ ဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နှစ်ခြင်းခရစ်ယာန် သိက္ခာတော်ရဆရာ၏ ကောင်းချီးတောင်းခံပေးမှုကို ခံယူခဲ့ကြပြီး စခန်းအတွင်း အိမ်ထောင်စုများ နေထိုင်မှုအဆင်ပြေစေ ရေး အိမ်ခန်းဆောင်များ ပြုပြင်ပေးနိုင်ရေး၊ ရေတွင်းပြန်လည်ဆယ်ယူပေးနိုင်ရေးတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကချင်ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး‌ ကော်မတီ၏ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။

ယင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ် အတွင်း လယ်ယာမြေ(သို့မဟုတ်)အခြားမြေယာပြဿနာများ၊ အငြင်းပွားမှုများ၊ သိမ်းဆည်းခံရမှုများ ကို ကော်မတီအဖွဲ့ဝင်များအနေဖြင့် ပြည်သူများ၏ ဆုံးရှုံးနစ်နာမှုများ၊ အခက်အခဲများအပေါ် အလေး အနက်ထား၍ အချိန်နှင့် တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်ပေးကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကော်မတီအဖွဲ့ဝင်များအနေဖြင့် သတ်မှတ်ထားသော လုပ်ငန်းတာဝန်များ၊ ဥပဒေ/နည်း ဥပဒေ၊ အမိန့်ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆုံးဖြတ်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးတို့က ကော်မတီ ပြင်ဆင်ဖွဲ့စည်းခဲ့မှုနှင့် လုပ်ငန်းတာဝန်များ၊ အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ပေးရမည့် အမှုတွဲ များကို ရှင်းလင်းတင်ပြပြီး ကော်မတီတွဲဖက်အတွင်းရေးမှူး၊ ပြည်နယ်မြေစာရင်းဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်စိန်လင်းက ဗဟိုကော်မတီသို့ တင်ပြရမည့် အမှုတွဲများ၊ ပြည်နယ်စိစစ်ရေး ကော်မတီက စိစစ်ဆုံးဖြတ်ဆောင်ရွက်ရမည့် အမှုတွဲများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြရာ ပြည်နယ် ဝန်ကြီးချုပ်က အမှုတွဲတစ်ခုချင်းအလိုက် ကော်မတီအဖွဲ့ဝင်များနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)