ကွမ်းခြံကုန်းမြို့နယ်တွင် မဲရုံများ မီးဘေးအန္တရာယ် လုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ စစ်ဆေးဆောင်ရွက်

ကွမ်းခြံကုန်း နိုဝင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် (၂၀၂၀)ပြည့်နှစ် နိုဝင်ဘာလ(၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး တွင် ပြည်သူများ စိတ်ချလုံခြုံစွာ မဲပေးနိုင်ရေးအတွက် မဲရုံများ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရန် ယမန်နေ့ နံနက်ပိုင်းကစ၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ သွားရောက်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်မှုကို မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မဲရုံများအတွင်းရှိ မီးသတ်ဆေးဘူး များအား စစ်ဆေးခြင်းနှင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကာလအတွင်း မဲရုံများ တည်ရှိရာ ရပ်ကွက်များအတွင်း မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ မဲရုံမှူးများနှင့် တွေ့ဆုံ၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
မြို့ပေါ်(၇)ရပ်ကွက်တွင် မဲရုံပေါင်း(၂၁)ရုံရှိပြီး ယာယီတည်ဆောက်ထားသော မဲရုံ(၂)ရုံ ပါဝင်ကြောင်း သိရသည်။
ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)