မိုင်းရယ်မြို့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ပျော်ရွှင်စွာ ရေကစားနိုင်ရန်အတွက် မဏ္ဍပ်ဆောက်လုပ်

မိုင်းရယ် ဧပြီ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ၂၀၂၄ ခုနှစ် ဧပြီ ၁၃ ရက်တွင် ကျရောက်မည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ပြည်သူများ ပျော်ရွှင်စွာရေကစားနိုင်ရန်အတွက် ရေကစားမဏ္ဍပ်ကို မြို့ဂုဏ်ဆောင် စိမ်းလဲ့ကန်သာရေကန်ဘေးတွင် ယနေ့ နံနက်ပိုင်းက စတင်ဆောက်လုပ်လျက်ရှိသည်။

မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဧပြီလ ၄ ရက်နေ့က ပြုလုပ်ခဲ့ပြီး အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေး၏ လုပ်ငန်းတာဝန်များ ခွဲဝေဆုံးဖြတ်ချက်အရ သက်ဆိုင်ရာဌာနဆိုင်ရာများက ရေကစားမဏ္ဍပ်ကို တာဝန်ယူ ဆောက်လုပ်သည်။

မိုင်းရယ်မြို့ ရေကစားမဏ္ဍပ်တွင် ယိမ်းအကများဖြင့်ဖျော်ဖြေခြင်း၊ စတုဒိသာကျွေးမွေးခြင်း၊ ပျော်ရွှင်စွာရေကစားခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းရယ်(ပြန်/ဆက်)