ပင်လုံမြို့၌ (၅၇)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲ လှူဒါန်းမှုအစုစုအတွက် ရေစက်ချတရားနာယူခြင်းအခမ်းအနား ကျင်းပ

ပင်လုံ ဧပြီ ၉

ပင်လုံမြို့ မဟာရဌာဘိသာမဂ္ဂီစေတီတော် သာသနာ့ရက္ခိတဓမ္မာရုံတော်အတွင်း ယနေ့ နံနက် ၈ နာရီအချိန်က (၅၆)ကြိမ်မြောက် စာအောင်သံဃာတော်အရှင်သူမြတ်များအား (စူဠဆုဘွဲ့နှင်းသဘင်)အောင်လက်မှတ်နှင့် ဝတ္ထုအလှူတော်ငွေဆက်ကပ်ခြင်းနှင့် (၅၇)ကြိမ်မြောက်အစိုးရပါဠိပထမပြန်စာမေးပွဲလှူဒါန်းမှုအစုစုအတွက် ရေစက်ချတရားနာခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ဆရာတော်အရှင်သူမြတ်များနှင့် တက်ရောက်လာသည့် ဧည့်ပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပေးခဲ့ပြီး ပင်လုံမြို့ ပညာဘူမိကျောင်း ဘဒ္ဒန္တဝရသာမိဆရာတော်ဘုရားထံမှ ဧည့်ပရိသတ်များမှ သရဏဂုံသုံးပါးနှင့် ငါးပါးသီလခံယူဆောက်တည်ကြပါသည်။ ပြီးနောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များအား နဝကမ္မဝတ္ထုငွေဆက်ကပ်လှူဒါန်းပြီး ဆရာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော် နာယူပန်ဆင်ကြပါသည်။ ထို့နောက် အလှူရှင်များဖြစ်ကြသည့် အမှတ်(၂)ဝန်တင်တပ်ရင်း တပ်ရင်းမှူးဗိုလ်မှူး ဝင်းသိန်းနှင့် ဇနီး ဒေါ်အေးအေးခိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်ပိုင်ဖြိုးနှင့် ဌာနဆိုင်ရာများ၊ ရပ်ဝေးရပ်နီးမှ စေတနာရှင် အလှူရှင်များက (၅၆)ကြိမ်မြောက် စာအောင်သံဃာတော်အရှင်သူမြတ်များအား (စူဠဆုဘွဲ့နှင်းသဘင်)အောင်လက်မှတ်နှင့် အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

ဆက်လက်၍ ပင်လုံမြို့ ပညာဘူမိကျောင်း ဘဒ္ဒန္တဝရသာမိဆရာတော်ဘုရားက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှတမ်းပေးဝေ၍ တရားတော်များချီးမြှင့်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများက ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

မြိုနယ်(ပြန်/ဆက်)