အင်တော နိုဝင်ဘာ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံများမီးဘေးလုံခြုံရေး၊ မဲဆန္ဒရှင်ပြည်သူများ မီးဘေးအန္တရာယ် ကင်းရှင်းစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံများ မီးဘေးလုံခြုံရေး ကြိုတင်စစ်ဆေးဆောင်ရွက်ခြင်းကို အင်တောမြို့ နယ်မြေမီးသတ်စခန်းမှ နိုဝင်ဘာ ၂ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့မဲရုံများမီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ရာတွင် အင်တောမြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းကွမ်းခေး၊ နယ်မြေစခန်းမှတာဝန်ခံ ဦးဝင်းမောင်နှင့်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက မဲရုံများတွင် မီးသတ်ဆေးဘူးများထားရှိခြင်း၊ ရပ်ကွက်ကျေးရွာများတွင် မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အင်တောမြို့တွင် မြို့ပေါ်ရပ်ကွက်(၆)ခုနှင့် ကျေးရွာအုပ်စု(၅)စုတို့၌ မဲရုံ ၂၁ ရုံဖွင့်လှစ်၍ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ခိုင် (အင်တော)