တာမွေမြို့နယ်တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ

တာမွေ ဧပြီ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများ စာဖတ်ခြင်းဖြင့် အသိဉာဏ်ပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် အသိပညာများမှတစ်ဆင့် စဉ်းစားတွေးခေါ်တတ်လာပြီး အတတ်ပညာများအဖြစ်သို့ ပြောင်းလဲကာ နိုင်ငံ့အကျိုး သယ်ပိုးထမ်းဆောင်နိုင်သည့် နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန် ရည်ရွယ်ပြီး တာမွေမြို့နယ် စာပေဝါသနာရှင်များမှ စီစဉ်ကျင်းပသော "အိပ်စက်ခြင်းနှင့် ကျန်းမာရေး" ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို မန်နေ့ မွန်းလွဲပိုင်းအချိန်က တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဒေါ်မိုးမိုးသန့်စင်က စာရေးဆရာ ဒေါက်တာမြင့်သန်း (ညောင်လေးပင်) ရေးသားသည့် အိပ်စက်ခြင်းနှင့် ကျန်းမာရေးစာအုပ်မှ အိပ်စက်ခြင်း၏သဘာဝ၊ အိပ်စက်ခြင်း၏ သဘာဝသိပ္ပံကို လေ့လာခြင်း၊ အိပ်ရေးမဝမှုကြောင့် ဖြစ်ပွားရသည့် ကျန်းမာရေးဆိုင်ရာဖြစ်စဉ်များ၊ လူတစ်‌ယောက်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသော ကုသမှုများ၊ အိပ်စက်ခြင်းနှင့် သက်ဆိုင်သော ရောဂါဖြစ်စဉ်များနှင့်” ပတ်သက်၍ အကျယ်တဝင့် အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော စာပေဝါသနာရှင်များကလည်း စာရေးဆရာ ဒေါက်တာမြင့်သန်း (ညောင်လေးပင်) ၏ "အိပ်စက်ခြင်းနှင့် ကျန်းမာရေး" စာအုပ်တွင်ပါဝင်သော အကြောင်းအရာများနှင့်ပတ်သက်၍ တစ်ဦးချင်းစီအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင် (ပြန်/ဆက်)