ပုဇွန်တောင် ဧပြီ ၉
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ၂၀၂၄-ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ မေလ (၅) ရက်နေ့အထိ (၁၂၆) ရက်တိုင်တိုင် ဥပ္ပါတသန္တိကျမ်း ရွတ်ဖတ်ပူဇော်ပွဲအား မြို့နယ်များအလိုက် အလှည့်ကျကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၅ နာရီ အချိန်က ပုဇွန်တောင်မြို့နယ် အမှတ်(၇)ရပ်ကွက်၊ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအတွင်းရှိ သာသနဇောတိကဓမ္မာရုံတွင် ဥပ္ပါတသန္တိကျမ်းရွတ်ဖတ်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို ကြွရောက်လာကြသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဆရာတော်အမှူးပြု၍ သံဃာတော်အရှင်သူမြတ်များနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပေးခဲ့ပြီး ပုဇွန်တောင်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တဇဋိလမှ စိန်ရောင်ခြည်ဘုရားပင့်ဂါထာတော်ဖြင့် မြတ်စွာဘုရားရှင်အား ပင့်ဖိတ်ပူဇော်ခဲ့သည်။ ဆက်လက်ပြီး မင်္ဂလာစံကျောင်းဆရာတော် ဘဒ္ဒန္တကောဝိဒမှ နတ်ဗြဟ္မာများအား ဖိတ်ကြားပြီး ရွှေဘုန်းပွင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ဦးသန်းစိုးက ကန်တော့ပွဲများကို နတ်ဗြဟ္မာများအား ပေးအပ်ခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူများက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တပညာဓဇထံမှ ကိုးပါးသီလခံယူဆောက်တည်ခဲ့ပြီး ဩဝါဒကထာနာကြားခဲ့သည်။ ဆက်လက်ပြီး ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး လှဘုန်းကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်တို့မှ ဩဝါဒစရိယဆရာတော်ကြီး(၃)ပါးအား နဝကမ္မအလှူငွေများ ဆပ်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသော ဆရာတော်သံဃာတော်များနှင့် ပရိတ်သတ်အပေါင်းတို့မှ ရတနာမြတ်သုံးပါး ဂုဏ်တော်တို့ကို သံပြိုင်ရွတ်ဖတ်ပူဇော်ပြီး အလှည့်ကျဆရာတော်များမှ ဥပ္ပါတသန္တိကျမ်းမြတ်ကို စတင်ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် အဆိုပါဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ခြင်းကို ၂၀၂၄-ခုနှစ် ဧပြီလ (၉) ရက်မှ ဧပြီလ(၁၁)ရက်နေ့အထိ (၃) ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သတင်းရရှိသည်။
ဟန်စုယဉ်