တောင်ကြီး နိုဝင်ဘာ ၆
၂၀၂၀ ပြည့်နှစ်နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အဆင့် ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ခရိုင်/မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြို့နယ်အဆင့်ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာ အစည်းအဝေးတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး က လုံခြုံရေးဆိုင်ရာများ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်သူရက ရွေးကောက်ဆိုင်ရာများကို ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသော မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ နှင့် ဌာနဆိုင်ရာများက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများ ၊ လိုအပ်ချက်များ နှင့် သိရှိလိုသည်အချက်များကို ဆွေးနွေးခဲ့ကြောင်း၊ အဆိုပါ မြို့နယ်အဆင့် ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာ အစည်းအဝေးသို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်သူရ နှင့် အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကြက်ခြေနီ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)