ရွာငံ ဧပြီ ၉
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ ချပြရှင်းလင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၁) နာရီက ကျောက္ကူပြင်ကျေးရွာအုပ်စု ၊ ကျောက္ကူပြင်ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက စစ်မှုထမ်းဥပဒေကြောင့် ပြည်သူများ စိုးရိမ်လျက်ရှိသော ကောလဟာလများနှင့်ပတ်သက်၍ ယုံကြည် လွဲမှားမှုများ မဖြစ်ပေါ်စေရေးစသည်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်ကျော်ဝင်းက ပြည်သူ့စစ်မှုထမ်းဆောင်ရမည့် အသက်အပိုင်းအခြားနှင့် ထမ်းဆောင်ရမည့်ကာလများ၊ စစ်မှုထမ်းခြင်းအတွက် ယာယီကင်းလွတ်ခွင့်ရှိသူများနှင့် ဆင့်ခေါ်စာရရှိပါက ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ပြစ်မှုပြစ်ဒဏ်နှင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများ စိုးရိမ်ပူပင်သောက မဖြစ်ကြရန် ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၃) ဦးတင်ဇော်လင်းက နိုင်ငံသားတိုင်း ထမ်းဆောင်ရမည်ဖြစ်သောကြောင့် ပူပင်သောကမရှိပဲ ဥပဒေ၊ နည်းဥပဒေများလိုက်နာပြီး အလှည့်ကျစနစ်ဖြင့် ထမ်းဆောင်ကြရန်ဆွေးနွေးပြီး တက်ရောက်လာသူများမှ သိလိုသည်များအား မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့ကြသည်။
မြို့နယ် ပြန်/ဆက်