လားရှိုး - သီပေါ ပြည်ထောင်စုကားလမ်းမကြီးဘေး ဒုဌဝတီမြစ်တစ်လျှောက်တွင် နွေရာသီအပန်းဖြေအနားယူနိုင်မည့် စားသောက်ဆိုင်များ ဖွင့်လှစ်

လားရှိုး ဧပြီ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုး - သီပေါ ပြည်ထောင်စုကားလမ်းမကြီးဘေးရှိ ဒုဌဝတီမြစ်တစ်လျှောက်တွင် နွေရာသီကာလအတွင်း ပြည်သူများအပန်းဖြေအနားယူနိုင်ရေးအတွက် စားသောက်ဆိုင်များ ဖွင့်လှစ်လာကြကြောင်း သိရသည်။

ဘန်ဂလိုများကို မြစ်အတွင်းတွင်တည်ဆောက်ပေးထားပြီး စားသောက်ဆိုင်သို့ လာရောက်ကြသူများအနေဖြင့် ရေဆော့ကစားရင်း အနားယူနိုင်ကြောင်း သိရသည်။

“ကျွန်တော်တို့ဆိုင်တွေကိုတော့ နွေရာသီကာလမှာပဲ ဖွင့်လှစ်ကြရတာပါ။ မိုးရာသီဆိုရင်တော့ မြစ်ရေက တက်တော့ အခုဆောက်ထားတဲ့ ယာယီဘန်ဂလိုတဲလေးတွေ ပြန်ဖြုတ်ကြရတာပေါ့။ ကျွန်တော့ဆိုင်မှာတော့ ပြည်သူတွေ အေးအေးဆေးဆေး အနားယူရင်း စားသောက်နိုင်ဖို့ ဘန်ဂလို ခြောက်ဆယ်လုံးလောက် ဆောက်ထားပါတယ်” ဟု သီပေါမြို့ ဒုဌဝတီမင်းသမီးစားသောက်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဆိုင်များတွင် အနားယူအပန်းဖြေသွားရောက်ကြသူများအနေဖြင့် ဆိုင်များမှတစ်ဆင့် ဒုဌဝတီမြစ်စတင်ဖြစ်တည်ရာ ချောင်းဆုံနေရာသို့ စက်လှေငှားကာ သွားရောက်လည်ပတ်နိုင်ကြကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)