မိုင်းခုတ်မြို့၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

မိုင်းခုတ် ဧပြီ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး၊ တောမီးနှင့် အခြားမီးလောင်ကျွမ်းမှုများ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က စတင်ကာ  ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်း၍ အမှတ် (၂) ရပ်ကွက် နောင်တုံဘုန်းတော်ကြီးကျောင်း(နောင်တုံ) ၊ဝမ်ကောင်းအုပ်စု ပူကျွဲ (၂) ကျေးရွာနှင့် မိုင်းနင်းအုပ်စု လိုက်ခါးကျေးရွာတို့တွင် အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။

အဆိုပါ မီးခိုးမြူငွေ့လျော့ချရေးအသိပညာပေးဟောပြောပွဲတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်ဦးဆောင်သော သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူတို့က သဘာဝအလျှောက်တောမီးလောင်ကျွမ်းခြင်း၊ တို့မီး၊ ရှို့မီးနှင့် အခြား ပေါ့ဆမီးများကြောင့် ဖြစ်ပေါ်လာသည့် ဒေသတွင်းမီးခိုးမြူငွေ့ ကျရောက်နိုင်သည့် အခြေအနေများ၊ မီးခိုးမြူငွေ့များကြောင့် မျက်စိနာခြင်း၊ အရေပြားယားယံခြင်း၊ ချောင်းဆိုးခြင်း၊ နှာမွှန်ခြင်း၊ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြင်း၊ ရာသီဥတုပြောင်းမှုကိုဖြစ်စေခြင်းနှင့် မဆင်မခြင် တောမီးရှို့ခြင်းအတွက် ရရှိလာမည့် ပြစ်မှုပြစ်ဒဏ်များ၊ တောမီးရှို့၍ အမဲလိုက်ခြင်းများ မပြုလုပ်ကြရန် စသည်ဖြင့် အသိပညာပေးဟောပြောခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာနေပြည်သူများက သိရှိလိုသည့်များ ပြန်လည်မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူတို့က ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။

သီတာအေး