လားရှိုးမြို့တွင် ဖယောင်းတိုင်မီးထွန်းထားရာမှ အိမ်တစ်လုံးမီးလောင်ကျွမ်းမှုဖြစ်ပွား

လားရှိုး ဧပြီ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ လားရှိုးမြို့ ၊ရပ်ကွက် (၅) ၊နယ်မြေ(၂) ၊ ခိုင်ရွှေဝါလမ်းရှိ ဒေါ် ………. ၏ နေအိမ်တွင် ယမန်နေ့ည ၆ နာရီ ၅၀ မိနစ်အချိန်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုဖြစ်စဉ်မှာ ၅ ထပ်သားခင်း နေအိမ်ကြမ်းခင်းတွင် အောက်ခံမပါဘဲ ဖယောင်းတိုင် မီးထွန်း၍ ရပ်ကွက်အတွင်းသို့ ဈေးဝယ်ထွက်ခဲ့ရာမှ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး မီးလောင်ကျွမ်းမှု ကြောင့် ၂၀ x ၂၀ ပေ နံကပ် (၂) ထပ်၊ သွပ်မိုးနေအိမ်တစ်လုံးဆုံးခဲ့ကြောင်း သိရသည်။

 မီးလောင်ကျွမ်းရာသို့ လားရှိုးခရိုင်နှင့် မြို့နယ်မီးသတ်စခန်းနှင့် ရပ်ကွက် (၅) နှင့် ရပ်ကွက်(၇)တို့မှ မီးငြိမ်း သတ်ယာဉ် (၇) စီး၊ မီးသတ်သမား (၃၀) ဦးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ရာ ည (၇)နာရီ (၁၀)မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင့် ဒေါ် ……….. (၅၉) နှစ်အား လားရှိုးမြို့မရဲစခန်းမှ (ပ) ၅၃/၂၀၂၄ ၊ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)