နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း နေပြည်တော်ရင်းနှီးမြှပ်နှံမှုမြှင့်တင်ရေး Vedio Clip ရိုက်ကူးနိုင်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဧပြီ ၉

နေပြည်တော်ရင်းနှီးမြှပ်နှံမှုမြှင့်တင်ရေး ဗွီဒီယိုရိုက်ကူးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၂) နာရီက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ကနိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်နှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၏ ကုန်ထုတ်လုပ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးတက်လာစေရန်၊ ဒေသန္တရ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်းများကို ပိုမိုအားကောင်းစေရန်နှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၏ သာယာလှပမှု၊ တည်နေရာ အချက်အချာကျမှုနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတို့ကို ထင်ဟပ်ပေါ်လွင်စေမည့် Nay Pyi Taw Investment Promotion Video Clip ကို ဖန်တီးနိုင်ရေး သက်ဆိုင်ရာဌာနများက ဝိုင်းဝန်းပူးပေါင်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နွယ်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဗီဒီယို ရိုက်ကူးနိုင်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ Video Clip နမူနာများအား ကြည့်ရှုခဲ့ကြပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး Vedio Clip ဖန်တီးရိုက်ကူးရန်နှင့်စပ်လျဉ်း၍ တက်ရောက်လာသည့် ဌာနဆိုင်ရာများက ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)