ပုံပါကျင် ဧပြီ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့ နားကောင်းမူးကျေးရွာ တပ်ဦးကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် စတုတ္ထအကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တပ်ဦးကျောင်း၌ ပြုလုပ်ရာ ကျောင်းသားမိဘများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ အရှင်ဇနိန္ဒက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ရတနာသုံးပါး၊ ဗုဒ္ဓဝင်နှင့် မင်္ဂလာတရားတော်များ၊ လူမှုကျင့်ဝတ်များ၊ ဗုဒ္ဓဝါဒ အဆုံးအမတရားတော်များစသည့် အခြေခံဗုဒ္ဓတရားတော်များကို သိရှိပြီး လူတော်လူကောင်းဖြစ်လာစေရန်အတွက် ထိန်းသိမ်းနေထိုင်တတ်ရန် ပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများနှင့် သင်တန်းနည်းပြများအား သင်တန်းများအလိုက် ဂုဏ်ပြုဆုများနှင့် သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ပြီး ဗလာမပါကံစမ်းမဲများဖောက်ကာ ဧည့်ပရိတ်သတ်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှအတမ်းပေးဝေပြီး တက်ရောက်လာသူများက ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို ကျောင်းသား၊ ကျောင်းသူ ၉၆ ဦးဖြင့် မတ်လ ၁ရက်မှ ယနေ့ထိ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အိအိဖြိုး(ပြန်/ဆက်)