ရန်ကင်းမြို့နယ်၌ အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းကို Catch-Up နည်းလမ်းဖြင့် စတင်ဆောင်ရွက်

ရန်ကင်း ဧပြီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ အသက်(၁)နှစ်မှ(၅)နှစ်အရွယ် ကလေးငယ်များကို Catch-Up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းအစီအစဉ်ကို ယနေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ်အတွင်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနဒေသန္တရဆေးခန်းနှင့် သတ်မှတ်နေရာများတွင်ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
အဆိုပါ
  Catch-Up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းဆောင်ရွက်ရာတွင် အသက်(၁)နှစ်မှ (၅)နှစ်အရွယ်ကလေးများအနက် ကာကွယ်ဆေးအကြိမ်ပြည့်မထိုးနှံရသေးသော ကလေးငယ်များနှင့် ကာကွယ်ဆေးတစ်ကြိမ်မျှမရရှိသေးသော ကလေးငယ်များအား ရန်ကင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီသီလတ်နှင့်ဝန်ထမ်းများက ငါးမျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေးနှင့် ပိုလီယိုရောဂါကာကွယ်ဆေးစသည်တို့ကို  ထိုးနှံတိုက်ကျွေးပေးခြင်းဖြစ်‌ပြီး ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား ကြက်ဥများပြန်လည်ပေးအပ်ခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ရန်ကင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးခြင်း လုပ်ငန်းများကို လစဉ်လဆန်း ပထမအပတ်တွင် ထိုးနှံပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်း၊ သောက်သုံးရေများအတွင်း အဘိတ်ဆေးခတ်ခြင်းစသည့်လုပ်ငန်းများနှင့် ကျန်းမာရေးအသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်‌ပေးလျက်ရှိကြောင်း သိရသည်

လှလှထွေး(ပြန်/ဆက်)