ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်း ဖွင့်ပွဲကျင်းပ

ဒဂုံမြောက် ဧပြီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်လေးများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကလေးငယ်များ၏ ဆန်းသစ်တီထွင်ဖန်တီးမှုစွမ်းရည်များ မြင့်မားတိုးတက်လာစေရန်နှင့် မြန်မာ့လက်မှုပညာရပ် တစ်ခုဖြစ်သည့် ပန်းချီအနုပညာနှင့်ပတ်သက်၍ အမြတ်တနိုးတန်ဖိုးထားတတ်စေရန်ရည်ရွယ်ချက်ဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက အခြေခံပန်းချီရေးဆွဲနည်း(အခမဲ့)သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မြင့်မြင့်ရီက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာမ ဒေါ်မော်နီ မြန်မာနိုင်ငံပန်းချီအစည်းအရုံး(ဗဟို)၊ ဒေါ်ကလျာနွယ်(ဆုထူးပန်)တို့မှ  သင်တန်းပို့ချချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းတွင် ပန်းချီပညာရပ်၏ အခြေခံသဘောတရားများ၊ ရှုခင်းအလှ ပန်းချီ၊ လူပုံနှင့်တိရစ္ဆာန်ပုံ ရေးဆွဲနည်းများ၊ အရောင်တို့၏အနက်အဓိပ္ပာယ်၊ အရောင်တို့မှပေးသော ခံစားမှုရသများနှင့်ပတ်သက်၍ သင်တန်းသား၊ သင်တန်းသူ(၂၀)ဦးအား ၂၀၂၄ ခုနှစ် ဧပြီလ ၈ ရက်နေ့မှ ဧပြီလ ၁၂ ရက်နေ့အထိ ငါးရက်ကြာ အသေးစိတ်ဖွင့်လှစ်သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)