ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ပြုလုပ်လျက်ရှိသည့် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်

မြစ်ကြီးနား ဧပြီ ၈

ကချင်ပြည်နယ် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့က ကြီးမှူး၍ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ သက်ဆိုင်ရာဌာနအလိုက် ငွေစာရင်းကိုင်တွယ်ဆောင်ရွက်နေကြသည့် ဝန်ထမ်းများနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အဖွင့်အမှာစကားပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အဂတိလိုက်စားမှုတားဆီးကာကွယ်‌ရေးတွင် နိုင်ငံ့ ဝန်ထမ်းများသည် အရေးပါလျက်ရှိပြီး နိုင်ငံ့ဝန်ထမ်းများ၏ စည်းကမ်းလိုက်နာမှု၊ ဖြောင့်မတ် တည်ကြည်မှုနှင့် ကျင့်ဝတ်စောင့်ထိန်းမှုများ လွဲမှားသွားစေသည့် အဓိကအချက်သည် အဂတိ လိုက်စားမှုပင်ဖြစ်ပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲတွင် အဂတိလိုက်စားမှုကို နိုင်ငံတော်နှင့် ပြည်သူများအကြား ပေါင်းကူးတံတားအဖြစ် ဆက်သွယ်ပေးသည့် နိုင်ငံ့ဝန်ထမ်းများ၏ အရေးပါမှုကို သိရှိ နားလည်စေရန်နှင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများတွင် ဖြောင့်မတ်တည်ကြည်မှု၊ တာဝန်ယူမှု/တာဝန်ခံမှုရှိစွာဖြင့် ပွင့်လင်းမြင်သာစွာ ‌ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ အလုပ်ရုံဆွေးနွေးပွဲမှ ရရှိသည့် အသိအမြင်ဗဟုသုတများကို မိမိတို့အဖွဲ့အစည်းများတွင်လည်း ပြန်လည်မျှဝေပေးကြရန် လိုအပ်ကြောင်း မှာကြားသည်။

ထို့နောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က အဂတိလိုက်စားမှု အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ဥပဒေပါအချက်များနှင့်အညီ အရေးယူခံရနိုင်သည့် အချက်များနှင့် အဂတိကင်းစင်သော လူ့အဖွဲ့အစည်းဖြစ်ပေါ်လာစေရေး အလေးထားလိုက်နာရမည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြား ကာ ပြည်နယ်လမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်မောင်အုန်းက အစိုးရဌာနများ၏ ဝယ်ယူ ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေး ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ‌ဆောင်ရွက်သွားမည်ဖြစ်ပြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက စာရင်းစစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များနှင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး၊ အဂတိလိုက်စားမှုကာကွယ်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ အရေးပါမှု၊ အဂတိလိူက်စားနိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်းနှင့် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ်များကို ရှင်းလင်း ဆွေးနွေး ပြီး အထွေထွေသုံးသပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)