ပြင်ဦးလွင်မြို့ မေတ္တာမိဘမဲ့ဂေဟာကျောင်း စာသင်ခန်းမတွင် ယာဉ်အန္တရာယ် ကင်းရှင်းရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ကျင်းပ

ပြင်ဦးလွင် ဧပြီ ၈

ကျောင်းသား/ကျောင်းသူများ လမ်းအသုံးပြုရာတွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးနှင့် ယာဉ်မတော်တဆမှုများ ကျဆင်းစေရန် ရည်ရွယ်၍ အမှတ် (၉၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ် အေးမြဖြူနှင့် ရဲတပ်ကြပ်ကြီး အေးစိုး(ဇင်ယော်)တို့ ဦးစီးသော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲ ၃ နာရီက ပြင်ဦးလွင်မြို့ မေတ္တာမိဘမဲ့ဂေဟာကျောင်း စာသင်ခန်းမတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရဲတပ်ကြပ်ကြီးအေးစိုး (ဇင်ယော်)က ယာဉ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေး ဟောပြောခြင်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ယာဉ်အန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ရဲအုပ်အေးမြဖြူမှ ကျောင်းအုပ်ကြီး ဦးဘိုရက်ချက် (ချင်းတိုင်းရင်းသား) အား အလှူငွေ ၅၀၀၀၀ကျပ် လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲသို့ မေတ္တာမိဘမဲ့‌ ဂေဟာကျောင်းမှ ကျောင်းသား/ကျောင်းသူ မူလတန်း(၃၀)ဦး၊ အလယ်တန်း(၂၀)ဦး၊ အထက်တန်း (၃၀)ဦး စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ခဲ့‌ကြကြောင်း သိရသည်။

သွေးသွေး(ပြန်/ဆက်)