တွံတေး ဧပြီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးငယ်များ၏ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်အတွင်း ပညာဗဟုသုတရှိစေရန် ပုံရေးဆွဲနည်းများကို အခြေခံတတ်မြောက်ပြီး ကျောင်းစာဘာသာရပ်များတွင် အသုံးချတတ်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အခြေခံပုံဆွဲနည်းသင်တန်း ဖွင့်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြ ဦးဝင်းထွဋ် (ရွှေသွေးဂျာနယ်ကာတွန်းဆရာ ဝင်းထွဋ်ဦး) မှ ကျောင်းသား၊ ကျောင်းသူများအား အခြေခံပုံဆွဲနည်းပညာ၊ မျဥ်းဖြောင့်မျဥ်းကွေး၏ သဘောသဘာဝများ အခြေခံပုံဆွဲရာတွင် လိုက်နာရမည့်အချက်များ ပြောကြားရှင်းလင်းကာ စတင်သင်ပြပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၁၈) ဦးတို့က စိတ်ပါဝင်စားစွာ လေ့ကျင့်သင်ယူလျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရပ်များတွင် ကျောင်းသား/ ကျောင်းသူများကို သင်တန်းများပို့ချလျက်ရှိရာ ယခုအခြေခံပုံဆွဲနည်းသင်တန်းကို ဧပြီ၈ရက်နေ့မှ ၁၂ ရက်နေ့အထိ နေ့စဥ် နံနက် ၈ နာရီမှ ၉ နာရီမိနစ် ၃၀ အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တွံတေးသား