ဇမ္ဗူသီရိ နိုဝင်ဘာ ၆
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး နေပြည်တော်တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းထွေးက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပဖို့အတွက် အချိန်နီးကပ်လာပြီ ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်သတ်မှတ်စံနှုန်းများနှင့်အညီ မဲရုံများအား ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ယနေ့လိုက်လံ စစ်ဆေးခဲ့သည်များ ရှိကြောင်း၊ ရွေးကောက်ပွဲကို စံ (၅) ချက်နှင့်အညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ လွတ်လပ်ရမည်၊ တရားမျှတရမည်၊ ပွင့်လင်းမြင်သာမှုရှိရမည်၊ အများပြည်သူယုံကြည်ရမည်၊ မဲဆန္ဒရှင်တွေရဲ့ ဆန္ဒနှင့် မဲလက်မှတ်တစ်ထပ်တည်းကျရမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ အနေဖြင့်လည်း မိမိတာဝန်ကျသည့် မြို့နယ်များမှ မဲရုံများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် လမ်းညွှန်ချက်စံနှုန်းများနှင့် ကိုက်ညီမှု ရှိ၊ မရှိကိုလည်း စစ်ဆေးသွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အဖွဲ့ဝင်များ၊ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးတို့က သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် မြို့နယ် (၈) မြို့နယ်၊ ရပ်ကွက် (၅၈)၊ ကျေးရွာ အုပ်စု (၁၈၇) ရှိပြီး မဲရုံ စုစုပေါင်း (၆၄၆) ရုံရှိကာ၊ မဲဆန္ဒရှင် စုစုပေါင်း ၉၀၃၀၀၀ ကျော်ခန့် ရှိကြောင်း ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)