မြစ်ကြီးနား ဧပြီ ၈
ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ မြစ်ကြီးနား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဌာနခွဲ/ ဌာနစိတ်များမှ ဝန်ထမ်းများအား ကျန်းမာကြံ့ခိုင်၍ လုပ်ငန်းခွင်တွင် ပျော်ရွှင်စည်းလုံးစွာ နေထိုင်နိုင်ရေးအတွက် နှစ်သစ်ကူးအကြို ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ ပြုလုပ်ပေးပြီး ဆုများချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဝန်ထမ်းများ၏ နှစ်သစ်ကူးအကြို ဘောလုံးပြိုင်ပွဲကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စီမံ/အခွန်ဌာနစိတ်၊ ဈေးနှင့်သားသတ်ဌာနစိတ်၊ သန့်ရှင်းရေးဌာနစိတ်၊ စည်းကမ်းထိန်းသိမ်းရေး ဌာနစိတ်၊ အင်ဂျင်နီယာဌာနစိတ်နှင့် စိမ်းလန်းစိုပြည်ရေးလုပ်သားများ အသင်း(၅)ဖြင့် ဖူဆယ်ဘောလုံး ပြိုင်ပွဲ ကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ မြစ်ကြီးနား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှမိုးနှင့် အရာထမ်းများက ဗိုလ်လုပွဲစဉ်အဖြစ် ဈေးနှင့်သားသတ်ဌာနစိတ်နှင့် သန့်ရှင်းရေးဌာနစိတ်တို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြရာ ဈေးနှင့် သားသတ်ဌာနစိတ်က အနိုင်ရဗိုလ်စွဲသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးက ဝန်ထမ်းများ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ဖြင့် ပေးအပ်လာသော လုပ်ငန်းတာဝန်များ ကျန်းမာပျော်ရွှင်စွာ၊ ကျေပွန်စွာထမ်းဆောင်နိုင်ရေး ယခုလို ဘောလုံးပြိုင်ပွဲများ၊ ထောက်ပံ့ပေးအပ်မှုများကိုလည်း စဉ်ဆက်မပြတ် ပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း တိုက်တွန်းအားပေး ပြောကြားပြီး မြို့နယ်အမှုဆောင်အရာရှိ ဦးလှမိုးနှင့် အရာထမ်းများက ဒိုင်အဖွဲ့များနှင့် နှစ်သိမ့်ဆုရ အသင်းများ၊ ဒုတိယနှင့် တတိယဆုရအသင်းများအတွက် ထောက်ပံ့ချီးမြှင့်ငွေများ၊ လည်ဆွဲဆုတံဆိပ်များကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးက ပထမဆုရအသင်းအတွက် တစ်ဦးချင်းလည်ဆွဲဆုတံဆိပ် များ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)