နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီနှင့် နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့တို့မှ ကြီးမှူးကျင်းပသည့် အင်္ဂလိပ်စာနှင့် အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

နေပြည်တော် ဧပြီ ၈

နေပြည်တော်ကောင်စီနှင့် နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့တို့မှ ကြီးမှူးကျင်းပသည့် အင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ၊ နေပြည်တော် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအသင်းမှ တာဝန်ရှိသူများ၊ သင်တန်းသား/ သင်တန်းသူများ  တက်ရောက်သည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ကျောင်းသား/ ကျောင်းသူများ အင်္ဂလိပ်စာနားထောင်မှုနှင့် အပြောစွမ်းရည် ပိုမိုကောင်းမွန်ထိတွေ့လာစေရန်၊ ကွန်ပျူတာအခြေခံသဘောတရားများကို သိရှိလာပြီး လက်တွေ့ဘဝတွင် ပြန်လည်အသုံးချနိုင်စေရန်၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သော အင်္ဂလိပ်စာနှင့် ကွန်ပျူတာ အရည်အသွေးများ ကောင်းမွန်ပေါ်ထွက်လာစေရန်၊ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ သင်ကြား၊ သင်ယူမှုလုပ်ငန်းစဉ်များနှင့် ကုန်ဆုံးနိုင်စေရန်၊ အခြေခံပညာကျောင်းများမှ ပညာရည်ပြည့်ဝပြီး ဗလငါးတန်နှင့်ပြည့်စုံသော နိုင်ငံ့သားကောင်း လူသားအရင်းအမြစ်များ ပေါ်ထွက်လာစေရေး ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် နိုင်ငံ၏ အားထားရမည့် လူစွမ်းအားအရင်းအမြစ်များဖြစ်၍ ဗလငါးတန်နှင့်အတူ ခေတ်မီနည်းပညာ၊ အသိပညာ၊ အတတ်ပညာများပြည့်စုံရန် လိုအပ်ပါကြောင်း၊ မျိုးဆက်သစ်များကို အစဉ်တစ်စိုက် စဉ်ဆက်မပြတ် ပြုစုပျိုးထောင်ပြီး လူငယ်များ၏ ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလေးထားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ လူငယ်များအနေဖြင့် မိမိတို့၏ ဘဝရည်မှန်းချက် အကောင်အထည်ဖော်ရာတွင် ဗလငါးတန်နှင့်ပြည့်စုံအောင် ကြိုးစားကြရမှာဖြစ်ပြီး IT နည်းပညာများ၊ အထွေထွေဗဟုသုတများကို စဉ်ဆက်မပြတ်လေ့လာကာ အရည်အချင်းပြည့်ဝသည့် အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက သင်တန်း တက်ရောက်မည့် ကျောင်းသား/ ကျောင်းသူများအား စာရေးကိရိယာများနှင့် အာဟာရမုန့်များ ပေးအပ်ကြသည်။

အဆိုပါ အင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံသင်တန်းကို ဧပြီလ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိဖွင့်လှစ်ပြီး စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)