မလှိုင်မြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ယိမ်းအကအလှများဖြင့် ပြည်သူများနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

မလှိုင် ဧပြီ  ၈

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ပြည်သူများနှင့်အတူ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်၍ ဗဟိုမဏ္ဍပ်တွင် အလှည့်ကျ ဧည့်ခံဖျော်ဖြေကြမည့် ယိမ်းအဖွဲများ ယနေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းဝေးခန်းမ၌ ဇာတ်တိုက်လေ့ကျင့်လျက်ရှိကြောင်း သိရသည်။

မလှိုင်မြို့နယ်တွင် ဧည့်ခံဖျော်ဖြေရေးနှင့်ဗဟိုရေကစားမဏ္ဍပ်ကို စက်မှု(၁)လမ်းပေါ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရုံးရှေ့မျက်နှာစာ၌ ဆောက်လုပ်ထားရှိပြီး အဆိုပါရေကစားမဏ္ဍပ်၌ အကြိုနေ့ညနေပိုင်းဖွင့်ပွဲတွင် ယိမ်းအဖွဲ့များအားလုံး ပါဝင်တက်ရောက် ဖျော်ဖြေရမည်ဖြစ်ပြီး သင်္ကြန်ရက်များတွင်လည်းအလှည့်ကျ ပါဝင်ကပြရမည်ဖြစ်၍ ယိမ်းအဖွဲ့များ ကြိုတင် ဇာတ်တိုက်လေ့ကျင့်နေခြင်းဖြစ်ကြောင်းသိရသည်။

“ခုလေ့ကျင့်နေသည့် သမီးတို့အဖွဲ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနယိမ်းအဖွဲ့ပါ၊ သမီးတို့အဖွဲ့က နေ့စဉ်ပင်တိုင်ကမှာပါ၊ သီချင်းလေးပုဒ်ဆိုပြီး ကပြရမှာမို့ ကြိုတင်လေ့ကျင့်နေတာပါ” ဟု ယိမ်းအဖွဲ့ဝင် ဒုတိယဦးစီးမှူးဒေါ်မေသူအေးကပြောပြသည်။ ဗဟိုရေကစားမဏ္ဍပ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ယိမ်းအဖွဲ့၊ ဝန်ထမ်းပေါင်းစုံယိမ်းအဖွဲ့၊ စည်ပင်သာယာရေးယိမ်းဖွဲ့၊ စည်ပင်ဈေးယိမ်းအဖွဲ့၊ ပညာရေးဌာနမှ ယိမ်းအဖွဲ့(၂)ဖွဲ့၊ အုပ်ကြီးကျေးရွာမှယိမ်းအဖွဲ့(၂)ဖွဲ့၊ မြို့ပေါ်ရပ်ကွက်များယိမ်းအဖွဲ့၊ ဆည်တိုကျေးရွာ ယိမ်းအဖွဲ့နှင့် မြေစာရင်းဌာန (အမျိုးသား)ယိမ်းအဖွဲ့များအပြင် တေးဂီတအဖွဲ့များဖြင့် သင်္ကြန်ကာလတွင် နေ့စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဌေး (မလှိုင်)