နေပြည်တော် ဧပြီ ၈
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကင်းထောက်လူငယ်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၊ သီရိမင်္ဂလာခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကင်းထောက်လူငယ် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ကင်းထောက်လှုပ်ရှားမှုများ ပြန်လည်အသက်ဝင်လာစေရေးနှင့် ပိုမိုအားကောင်းလာစေရေး၊ ကျောင်းသားလူငယ်များ၏စိတ်တွင် ဉာဏ်ပညာအသိအလိမ္မာတိုးပွားစေရေး၊ မိမိကိုယ်ကို အားကိုးအားထားပြုနိုင်သည့်စိတ် တိုးပွားစေရေး၊ မွန်မြတ်သည့် စိတ်နေစိတ်ထားရရှိစေရေးနှင့် တာဝန်သိသည့် နိုင်ငံ့သားကောင်းများ ဖြစ်လာစေရေးစသည့် အလေ့အကျင့်ကောင်းများရရှိအောင် ကင်းထောက်လူငယ်သင်တန်းကို လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများ၏ အကျင့်စာရိတ္တမြင့်မားရေးအတွက် များစွာအထောက်အကူပြုပြီး သူတစ်ပါးကို ကူညီစောင့်ရှောက်ခြင်း၊ အချင်းချင်းရင်းနှီးချစ်ကြည်မှု၊ စုပေါင်းဆောင်ရွက်တတ်မှုများကိုလည်း ရရှိလာနိုင်မှာဖြစ်ကြောင်း၊ ကင်းထောက်လူငယ်များအနေဖြင့် သင်တန်းမှ ပို့ချလိုက်သည့်ပညာရပ်များကို သေချာစွာလေ့လာမှတ်သားပြီး မိမိတို့ကျောင်း၊ မိမိတို့ရပ်ရွာကို ပြန်လည်အကျိုပြုဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက လူငယ်ကင်းထောက်သင်တန်းများအတွက် ထောက်ပံ့ငွေ ၂၃၇၉၂၀၀၀ ကျပ်ကိုလည်းကောင်း၊ ကင်းထောက်နည်းပြသင်တန်း (TOT)နည်းပြအဖြစ် ဆောင်ရွက်ခဲ့ကြသည့် နည်းပြခြောက်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ ကင်းထောက်လူငယ်နည်းပြဆရာမ လေးဆယ်ဦးအား သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ မြို့နယ်အဆင့် ကင်းထောက်လူငယ်သင်တန်းမှ သင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း အသီးသီးပေးအပ်ကြသည်။
ယင်းနောက် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကင်းထောက်လူငယ် သင်တန်းသား/ သင်တန်းသူများက ကင်းထောက်ဂုဏ်ရည်သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက ကင်းထောက်လူငယ် သင်တန်းသား/ သင်တန်းသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည့် အဆိုပါကျောင်းရှိ ကျောင်းစာကြည့်တိုက်အား ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
မြို့နယ်အဆင့်ကင်းထောက်လူငယ် သင်တန်းများကို နေပြည်တော်အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်မှ တစ်မြို့နယ်လျှင် ကင်းထောက်လူငယ် ၅၀ ဦးနှုန်းဖြင့် စုစုပေါင်းကင်းထောက်လူငယ် သင်တန်းသား/ သင်တန်းသူ ၄၀၀ ဦးတို့ကို ကင်းထောက်နှင့်သက်ဆိုင်သည့် ဘာသာရပ်များကို သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)