မြစ်သား ဧပြီ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ပါဠိပထမပြန်စာမေးပွဲ ဆဋ္ဌမနေ့တွင် ပထမကြီးတန်း ပဠာန်းကုသလတိတ်ဘာသာနှင့် ပထမလတ်တန်း ဘာသာပြန်ဘာသာတို့ကို ယနေ့မွန်းလွဲ (၁၂)နာရီအချိန်က ရှမ်းပွဲရပ်ကွက် ရွှေမုဋ္ဌောဘုရားပရိဝုဏ်ရှိ နန်းအိမ်သူဓမ္မဗိမ္မာန်အတွင်း ဖြေဆိုခဲ့ကြောင်း သိရသည်။
ပါဠိပထမပြန်စာမေးပွဲကို ဆဋ္ဌမနေ့တွင် မြို့နယ်အတွင်းရှိ စာသင်တိုက်များမှ သံဃာတော်များ ဖြေဆိုကြရာ ပထမကြီးတန်းစာရင်းရှိ (၁၂)ပါး၊ ဖြေဆိုသူ(၁၁)ပါး၊ ပျက်ကွက်(၁)ပါးသည်၊ ပဠာန်းကုသလတိတ်ဘာသာ ကိုလည်းကောင်း၊ ပထမလတ်တန်းစာရင်းရှိ(၁၀)ပါး၊ ဖြေဆိုသူ(၉)ပါး၊ ပျက်ကွက်(၁)ပါးသည်၊ ဘာသာပြန် ဘာသာကိုလည်းကောင်း စုစုပေါင်းစာဖြေသံဃာ(၂၀)ပါးဝင်ရောက်ဖြေဆိုသော ကြောင့် (၉၀)ရာခိုင်နှုန်း ဖြေဆိုခဲ့ပြီး သံဃာတော်(၂)ပါး ဖြေဆိုရန်ပျက်ကွက်ခဲ့ကြောင်း သာသနာရေးဦစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အဆိုပါစာမေးပွဲသို့ မြစ်သားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးခိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်စေတနာရှင်အလှူရှင်များက မြို့နယ်သံဃာ့နာယက အဖွဲ့ဆရာတော်ကြီးများ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီးများနှင့် စာဖြေသံဃာတော်များအား နေ့ဆွမ်းနှင့်အချိုရည်များ ဆက်ကပ်လှူဒါန်းခဲ့ပြီး စာမေးပွဲကို အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဝါဝါမြင့်(မြစ်သား)