ကျောက်ပန်းတောင်းမြို့နယ်၌ ဆောင်းကြက်သွန်များ နုတ်သိမ်းနေပြီဖြစ်ရာ တစ်ပိဿာ ၁၇၀၀ ကျပ် ရောင်းချနေရ

ညောင်ဦး ဧပြီ ၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ ဆောင်းကြက်သွန်နီနုတ်သိမ်းနေပြီဖြစ်ရာ ရောင်းချချိန် တစ်ပိဿာ ၁၇၀၀ ကျပ် ရောင်းချနေရခြင်းကြောင့် လာမည့်နှစ် ဆောင်းကြက်သွန်နီစိုက်ပျိုးမည့် တောင်သူများပြားလာနိုင်ကြောင်း ကန်ပတ်လည်အုပ်စု၊ လဲဂွကျေးရွာ ဆောင်းကြက်သွန်နီ စိုက်ပျိုးတောင်သူ ဦးတင်ထွန်းထံက သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးရွာအုပ်စု (၁၀၉)အုပ်၊ ကျေးရွာပေါင်း ၃၃၉ ရွာရှိပြီး ဆောင်းကြက်သွန်နီ စိုက်ပျိုးသည့် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် လက်ပံအိုင့်၊ လဲဂွ၊ ညောင်ဖြူပင်၊ ကုန်းတဲ၊ ဆပ်ပြာကျင်း၊ မုန့်ကုန်း၊ ညောင်ချိုင်းတောင်၊ ညောင်ချိုင်းမြောက်၊ ကင်မွန်းခြုံ၊ ကျောက်တံခါး၊ ညောင်ပင်သာ၊ ကိုင်း၊ မြိုင်သာယာ၊ စည်ပင်သာ၊ မကြီးတိုင်း၊ အိုးအိုင်၊ ဖိုကုန်း၊ စန်းပွင့်ကျေးရွာများနှင့် ကျောက်ပန်းတောင်း-နတ်မောက်အစပ် ရေဆုံးကျေးရွာအုပ်စုကျေးရွာများ၊ ပုပ္ပားမြောက်ဘက် ကမ်းဖြူ၊ စိတ္ထိန်းကျေးရွာများသည် ဆောင်းကြက်သွန်နီအမြောက်အများ စိုက်ပျိုးကြသည့် ကျေးရွာများဖြစ်ကြကြောင်း သိရသည်။ ဆောင်းကြက်သွန်စိုက်ပျိုးရန် ကြက်သွန်နီပျိုး(မျိုးစေ့)အား သီတင်းကျွတ်လ၊ တန်ဆောင်မုန်းလတို့တွင် စတင်ပျိုးထောင်ကြပြီး၊ ပျိုးသက် ၄၅ ရက်ရှိလျှင် ကြက်သွန်စိုက်မည့် စိုက်ခင်းသို့ ရွေ့ပြောင်းစိုက်ပျိုးကြကြောင်း ကြက်သွန်နီစိုက်ခင်းသို့ ရွေ့ပြောင်းမစိုက်ပျိုးမီ စိုက်ခင်းအား မြေဆီ၊ မြေနှစ်များဖြစ်သည့် နွားချေး၊ ဆိတ်ချေး၊ ငုံးချေး၊ ကြက်ချေး၊ နှမ်းဖတ်၊ ပဲဖတ်တို့အား ကြဲပက်ကာ ထွန်ယက်ထားရကြောင်း၊ အပူဓာတ်ကင်းသည်အထိ ထွန်းယက်ထားရကြောင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆောင်းကြက်သွန်စိုက်ပျိုးရာတွင် ကုန်းကြက်သွန်း၊ ချောင်းကြက်သွန်နှစ်မျိုးရှိပြီး စိုက်ပျိုးသည့်အချိန်တွင်လည်း အတူတူဖြစ်ကြောင်း၊ ချောင်းကြက်သွန်နီစိုက်ပျိုးခြင်းက ရေပိုမိုသွင်းခြင်း၊ ဖြန်းပေးခြင်းများ ပိုမိုများပြားကြောင်း ထွန်စက်၊ နွားရှဉ်း၊ မြေဆီ၊ အလုပ်သမားခများပေါင်းလျှင် ဆောင်းကြက်သွန်နီ တစ်ဧကစိုက်ပျိုးစရိတ် သိန်း(၂၀)ခန့် ကုန်ကြကြောင်း သိရသည်။ စိုက်ပျိုးပြီး ရက်(၉၀)ကြာလျှင် ရေသွင်း၊ ရေဖြန်းရပ်ပြီး နုတ်သိမ်းကြကြောင်း၊ ဧပြီလအတွင်း အပြီးနုတ်သိမ်းကြကြောင်း သိရသည်။ ဆောင်းကြက်သွန်နီများ နုတ်သိမ်းနေချိန် ဧပြီလအတွင်းမှာပင် တစ်ပိဿာ (၁၇၀၀)ကျပ်ဖြစ်ရာ ဆောင်းကြက်သွန်နီစိုက်ပျိုးတောင်သူများ မျှော်လင့်နေသည့် ဈေးနှုန်းဖြစ်ခြင်းကြောင့် ဆောင်းကြက်သွန်နီစိုက်ပျိုးတောင်သူများ တွက်ခြေကိုက်နေကြကာ လာမည့်နှစ်တွင် ပိုမိုစိုက်ပျိုးလာနိုင်ကြောင်း ကြက်သွန်စိုက်တောင်သူများထံက သိရသည်။

ဒီပါလင်း