တောင်သာမြို့၌ ပါဠိပထမပြန်စာမေးပွဲကျင်းပ

တောင်သာ ဧပြီ  ၈

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့  ရေလည်ကျောင်းရိပ်သာဝင်းအတွင်းရှိ ဗိမာန်၌ ယနေ့မွန်းတည့်(၁၂)နာရီအချိန်က မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများ၏ ကြီးကြပ်မှုဖြင့် ပါဠိပထမပြန်စာမေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင် မြို့နယ်အတွင်းရှိ စာသင်တိုက်အသီးသီးမှ သံဃာတော်များနှင့် သီလရှင်များ လာရောက်ဖြေဆိုရာ ပထမကြီးတန်း၌ စာရင်းရှိ (၆)၊ ဖြေဆို (၅)၊ ပျက်ကွက် (၁)၊ ပဋ္ဌာန်းကုသလတိက်ဘာသာ၊ ပထမလတ်တန်း၌ စာရင်းရှိ(၇)၊ ဖြေဆို(၆)၊ ပျက်ကွက် (၁)၊ ဘာသာပြန်ဘာသာရပ်များကို ဖြေဆိုကြကြောင်းသိရသည်။

ပါဠိပထမပြန်စာမေးပွဲကို  ဧပြီလ(၃)ရက်နေ့မှစ၍ ဧပြီလ (၉) ရက်နေ့အထိ နေ့စဉ် မွန်းတည့် (၁၂)နာရီမှ  ညနေ (၃)နာရီအထိ ဖြေဆိုသွားမည်ဖြစ်ပြီး ကြီးကြပ်ဆရာတော်ကြီးများ၊ ဖြေဆိုသံဃာတော်များနှင့် သီလရှင်ဆရာလေးများအား ဆွမ်း၊ ကွမ်း ဖူလုံစေရေးနှင့် စာမေးပွဲ ဖြေဆိုရာတွင် လိုအပ်မှုမရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များက ဆက်ကပ်လှူဒါန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)