မြောက်ဥက္ကလာပ ဧပြီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် အခြေခံဗုဒ္ဓဘာသာယဥ်ကျေးမှုသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း မြတ်ခရေခန်းမ၌ ကျင်းပခဲ့ရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်း ကျောင်းသား/ ကျောင်းသူ (၅၈) ဦး တက်ရောက်ခဲ့သည်။
ရှေးဦးစွာ မြောက်ဥက္ကလာပမြို့နယ် ပညာရေးမှူး ဒေါ်မို့မို့ခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်ရသည့်အတွက် ကျေးဇူးတင်စကားကို အ.ထ.က (၁) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မူမူမြင့်က ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် အထူးဆုရရှိသူများ၊ ဂုဏ်ပြုလွှာများကို မြို့နယ်ပညာရေးမှူးနှင့် မြို့နယ် YMBA အသင်းမှ တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
“ကျောင်းသား/ ကျောင်းသူများ ဗုဒ္ဓသာသနာ အဓွန့်ရှည်တည်တံ့ပြန့်ပွားရေးတို့တွင် ပါဝင်ကူညီဆောင်ရွက်လာစေရန်၊ ကိုယ်အမူအရာ၊ နှုတ်အမူအရာယဉ်ကျေးသိမ့်မွေ့တဲ့ ကျောင်းသားလူငယ်လေးများ ဖြစ်လာစေရန်၊ ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနားဆိုသည့်အတိုင်း နေထိုင်ကျင့်ကြံတတ်စေရန်၊ မိမိတို့ကိုးကွယ်ရာ ဘာသာတရားအပေါ်ယုံကြည်လေးစား တန်ဖိုးထားတတ်စေရန်” ယဥ်ကျေးမှုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အ.ထ.က (၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်မူမူမြင့်က ပြောကြားခဲ့ပြီး သင်တန်းဆင်းပွဲတွင် မြို့နယ် YMBA အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် အ.ထ.က (၁) ကျောင်းအုပ်ဆရာမကြီး၊ ကျောင်းသား/ ကျောင်းသူများ၊ မိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)