မြောက်ဥက္ကလာပမြို့နယ်တွင် စာဖတ်ဝိုင်းဆောင်ရွက်

မြောက်ဥက္ကလာပ ဧပြီ ၈

ယနေ့ခေတ် လူငယ်လူရွယ်များ စာဖတ်ရှိန်မြင့်မားစေရန်နှင့် စာပေဗဟုသုတကြွယ်ဝစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် ၁၁ နာရီက စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Youth Club အသင်းတို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြမြဝင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို အဖွင့်အမှာစကားပြောကြားခဲ့ပြီး Book Club အသင်းဥက္ကဋ္ဌ ဆရာဦးသိန်းဝင်းဇော်က စာရေးဆရာ လှသမိန်ရေးသားသည့် လူငယ်ပျိုးထောင်နည်းစာအုပ်သည် လူငယ်များ ကိုယ်တိုင်ဖတ်ရှုလေ့လာဆင်ခြင်ရန်အတွက်သာမက မိဘများနှင့် လူငယ်ရေးရာကို စိတ်ပါ၀င်စားသူများ ဖတ်ရှုရန်လိုအပ်ကြောင်း၊ လူငယ်များအတွက် အိမ်ထောင်ရေး၊ ပေါင်းသင်းဆက်ဆံရေး၊ ဘဝထူထောင်ရေး၊ စာရိတ္တပြုပြင်ရေးဆိုင်ရာများ ရေးသားထားသည့် စာအုပ်ကောင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်၍ Book Club အဖွဲ့ဝင် ဦးအောင်ချိန်က အားကစားလေ့ကျင့်မှုဗဟုသုတရှာမှီးခြင်းစသည့် ခေါင်းစဥ်များကို ဆွေးနွေးခဲ့ပြီး Youth Club အဖွဲ့ဝင် မမေမြတ်ဇွန်က နိုင်ငံသားကောင်းပီသခြင်းနှင့်ဘဝကိုထိန်းသိမ်းရေးစသည့် ခေါင်းစဥ်များကို ဆွေးနွေးရာ တက်ရောက်လာသော အဖွဲ့ဝင်များကလည်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြမြဝင်း (ပြန်/ဆက်)