ကျောက်မဲမြို့နယ်၊ မကုဍဝတီကျောက်တိုက်တွင် စူဠဘွဲ့နှင်းသဘင်နှင့် စာအောင်ဆုများ ဆက်ကပ်ပွဲ ကျင်းပ

ကျောက်မဲ  ဧပြီ ၈

၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်ခဲ့သည့် ကျောက်မဲမြို့နယ်၊ မကုဍဝတီကျောင်းတိုက်မှ စာအောင်သံဃာတော် ၄၇ ပါးအား စာအောင်ဆုနှင့် အောင်လက်မှတ်များ၊ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျောင်းတိုက် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ဧည့်ပရိသတ်များက မကုဍဝတီကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ကျောက်မဲခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးဇော်နှင့် ပါဠိပထမပြန်စာ‌မေးပွဲကြီးကြပ်ရေးအဖွဲ့နှင့် စာအောင်သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူကြသော မကုဍဝတီကျောင်းတိုက်မှ သံဃာတော် (၄၇)ပါးတို့အား စာအောင်ဆုနှင့် အောင်လက်မှတ်များ ဆက်ကပ်ခဲ့ကြသည်။

ကျောက်မဲမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်တွင် စာအောင်သံဃာတော်စုစုပေါင်း ၁၁၉ ပါးရှိပြီး အခြားကျောင်းတိုက်ရှိ စာအောင်သံဃာများကို ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောင်းအရောက် စာအောင်ဆုနှင့် အောင်လက်မှတ်များ သွားရောက်ဆက်ကပ်ခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)