ကျောက်ဖြူမြို့၌ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း သင်္ကြန်တေးသီချင်းများဖြင့် ကပြဖျော်ဖြေနိုင်ရန် ဌာနဆိုင်ရာယိမ်းအဖွဲ့များ အကတိုက်လေ့ကျင့်

ကျောက်ဖြူ ဧပြီ  ၈

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ရိုးရာအစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ သင်္ကြန်ပွဲတော်ကာလအတွင်း သင်္ကြန်တေးသီချင်းများဖြင့် ကပြဖျော်ဖြေနိုင်ရန်အတွက် ဌာနဆိုင်ရာယိမ်းအဖွဲ့များမှာ မတ်လနောက်ဆုံးအပတ်မှစ၍ သက်ဆိုင်ရာစုရပ်နေရာအသီးသီးတွင် အကတိုက်လေ့ကျင့်လျက်ရှိသည်။

ကျောက်ဖြူမြို့၌ ၂၀၂၄ ခုနှစ်၊ ဧပြီလတွင်ကျရောက်မည့် မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဌာနဆိုင်ရာကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဗဟိုမဏ္ဍပ်တွင် သင်္ကြန်တေးသီချင်းများဖြင့် ကပြဖျော်ဖြေနိုင်ရန်အတွက် ဌာနဆိုင်ရာယိမ်းအဖွဲ့များဖြစ်သည့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနယိမ်းအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနယိမ်းအဖွဲ့၊ ခရိုင်အဆင့်ဌာနဆိုင်ရာများပူးပေါင်းယိမ်းအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်းယိမ်းအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ယိမ်းအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနမှယိမ်းအဖွဲ့များက သင်္ကြန်တေးသီချင်းများဖြင့် ကပြဖျော်ဖြေသွားမည်ဖြစ်ကာ အဆိုပါ သင်္ကြန်ယိမ်းအကအဖွဲ့များမှာ စုရပ်နေရာသီးသီး၌ အကတိုက်လေ့ကျင့်လျက်ရှိသည်။ ထို့အပြင် နှစ်စဉ်နှစ်တိုင်းအစဉ်အလာမပျက် ကျင်းပလေ့ရှိသည့် ရခိုင့်ရိုးရာနံ့သာသွေးပွဲကိုလည်း ထည့်သွင်းပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း မဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီထံမှ သိရသည်။ 

ကျောက်ဖြူမြို့၌ မဟာသင်္ကြန်ကာလအတွင်း ဗဟိုမဏ္ဍပ်တွင် ယိမ်းအကအလှများ၊ ခေတ်ပေါ်တေး ဂီတများဖြင့် စည်ကားသိုက်မြိုက်စွာ ကပြဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ပြီး သင်္ကြန်ချစ်သူများနှင့် ရေကစားကြသူများအား အဆိုပါမဏ္ဍပ်ရှေ့၌ စတုဒီသာအကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)