တာလေမြို့၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ''အရာအားလုံးကို ပြောင်းလဲစေသောအားပေးမှု''  စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

တာလေ ဧပြီ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍  ယနေ့ နံနက် ၁၀ နာရီခွဲက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ခင်စုစုစံနှင့် မြနှင်းရည်ရှိန်တို့ ဘာသာပြန်သည့် ''အရာအားလုံးကို ပြောင်းလဲစေသော အားပေးမှု''စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဉီးစီးဌာနမှ ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက စာဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ''အားပေးခြင်းဖြင့် အရာအားလုံးကို ပြောင်းလဲအောင်လုပ်ပါ'' ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးရာတွင် လူတို့သည် မည်သူမဆို အားပေးမှုကို လိုအပ်ပါ ကြောင်း၊ အားပေးခံရသော လူအားလုံးတို့သည် လူငယ်ဖြစ်စေ၊ အောင်မြင်သူဖြစ်စေ၊ မအောင်မြင်သူဖြစ်စေ၊ နာမည်ကြီးသူဖြစ်စေ၊ နာမည်မကြီးသူဖြစ်စေ အားပေးမှုကြောင့် ပြောင်းလဲတတ်ကြကြောင်း၊ ဆရာ၏ အားပေးစကားတစ်ခွန်းသည် ကျောင်းသား၏ဘဝကို ပြောင်းလဲစေနိုင်ပြီး အိမ်ထောင်ဖက်၏ အားပေးစကား တစ်ခွန်းသည် အိမ်ထောင်သည်ဘဝကို အန္တရာယ်မှ ကယ်ဆယ်နိုင်ကြောင်း အကျယ်တဝင့် ဆွေးနွေးပြောကြားသည်။

ယင်းနောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များက''ကြာရှည်အောင် ထိန်းသိမ်းပေးသော အားပေးမှု၊ တိုးတက်စေသော အားပေးမှု၊ ပြောင်းလဲစေသော အားပေးမှု၊ မျှော်လင့်ချက်ကို ပေးစွမ်းသော အားပေးမှု''စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းကို အများပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အထများ ဖြစ်ပေါ်စေရေးနှင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများရရှိကာ ဗဟုသုတများ တိုးပွားရရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)