သင်္ကြန်ကာလအတွင်း CNG အရောင်းဆိုင်များ ပုံမှန်အတိုင်းဖွင့်လှစ်ထားမည်

ရန်ကုန် ဧပြီ ၈

မကြာမီကျင်းပမည့် မဟာသင်္ကြန်နှစ်သစ်ကူးပွဲတော်ကာလအတွင်း ရန်ကုန်တိုင်းရှိ သဘာဝဓာတ်ငွေ့အရောင်းဆိုင်များကို ပုံမှန်အတိုင်း နေ့စဉ်ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာန (ရန်ကုန်) မှ သိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ CNG အရောင်းဆိုင်ပေါင်း (၃ဝ) ကို ဧပြီလ (၈) ရက်မှ ဧပြီလ (၁၇) ရက်အထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း အဆိုပါဌာနက အသိပေးထားခြင်းဖြစ်သည်။

ဖွင့်လှစ်ရောင်းချမည့် ဆိုင်များမှာ သမိုင်း၊ အလုံ၊ အင်းစိန်၊ ကျိုက္ကလို့၊ သာကေတ၊ ဘုရင့်နောင်၊ ပုလဲ၊ လှိုင်သာယာ၊ ဒညင်းကုန်း၊ ဒဂုံ(အရှေ့ပိုင်း)၊ ကြည့်မြင်တိုင်၊ တောင်ဥက္ကလာပ၊ မောင်းမကန်၊ ထောက်ကြန့်တို့ရှိ CNG အရောင်းဆိုင်များပါဝင်ကြောင်း သိရသည်။

ထို့အပြင် စော်ဘွားကြီးကုန်း၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံဆိပ်ကမ်း၊ ပါရမီ၊ လှော်ကား၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ သုဝဏ္ဏ၊ သန်လျင်မြို့ရှိ CNG အရောင်းဆိုင်များကိုလည်း သင်္ကြန်ကာလတွင် ပိတ်ရက်မရှိ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

မဟာသင်္ကြန်ပွဲတော်ကာလတွင် အကြိုနေ့၌ YBS အစီး ၁၃၀၀ ကျော်နှင့် အကျ၊ အကြတ်နှင့် အတတ်နေ့များတွင် ယာဉ်စီးရေ ၉၃၈ စီးဖြင့် ပုံမှန်ပြေးဆွဲပေးမည်ဖြစ်ပြီး ယာဉ်စီးခနှုန်းထားကိုလည်း ပုံမှန်နှုန်းထားအတိုင်းသာ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့၌ CNG အရောင်းဆိုင်ပေါင်း (၄၆) ဆိုင်ရှိပြီး ပုံမှန်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)