မိုင်းတုံ ဧပြီ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ အစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းက မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့် ပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မိုင်းတုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်က ယခုကဲ့သို့ အစည်းဝေးခေါ်ယူရခြင်းသည် ကျွန်တော်တို့ မိုင်းတုံအနေဖြင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးလုပ်ငန်းဆောင်ရွက်နေသော်လည်း မီးခိုးမြူငွေ၏ ပြဿနာက ပိုပြီးဆိုးရွာနေတာကို တွေ့ရကြောင်း၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အသိပညာပေးလုပ်ငန်းများလုပ်သော်လည်း တစ်ဖက်တွင်လည်း လစ်လပ်သွားခြင်းများလည်းရှိကြောင်း၊ တောင်ယာများ၊ တောမီးများ၊ စွန့်ပစ်အမှိုက်များကို စနစ်တစ်ကျဆောင်ရွက်ကြရန်လိုနေပြီဖြစ်ကြောင်း၊ မြို့နယ်မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာအသိပညာပေးကော်မတီအဖွဲ့ကလည်း ထပ်မံ၍ ကော်မတီအဖွဲ့များတိုးဖွဲ့ပြီး ကျေးရွာများဖြန့်၍ ကွင်းဆင်းဆောင်ရွက်သွားကြရေးနှင့် ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများကလည်း ပူးပေါင်းပါဝင်စေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက မီးခိုးမြူငွေ့ညစ်ညမ်းမှု လျော့ချရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့် ရုံးပိတ်ရက်တိုင်း ကျေးရွာများသို့အရောက် မီးခိုးမြူငွေ့ညစ်ညမ်းမှု အသိပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ လိုအပ်သည့်အချိန်ဖြစ်နေသော်ကြောင့် ရုံးတက်သည့်ရက်ပါ အဖွဲ့များခွဲ၍ ဆက်လက်ဆောင်ရွက်သွားမည်ကို ရှင်းလင်းပြီး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်းက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့နောက် တက်ရောက်လာသည့်သူများမှ မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အသိပညာပေးလုပ်ငန်းနှင့်ပတ်သက်ပြီး မသိသည့်အချက်များ မေးမြန်းခြင်းနှင့် မိမိတို့မှ ပြည်သူကိုမည်သို့လမ်းညွှန်ပြရမည့်အချက်များကို အပြန်အလှန် ဆွေးနွေးပေးခဲ့ကြကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)