မန္တလေးတိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များပေးအပ်ပွဲပြုလုပ်

မန္တလေး ဧပြီ ၈

မန္တလေးတိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်များပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်းသင်းဝေ၊ စည်ပင်သာယာရေးဝန်ကြီး ဦးးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ ​လူမှုရေးရာဝန်ကြီး  ဦးအောင်ကျော်မိုး၊ လမ်းပန်းဆက်သွယ်​ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ ဥပဒေချုပ် ဦးမြင့်​အောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းအတွင်းရှိ ခရိုင်အုပ်ချုပ်ရေးမှူးများ စုစုပေါင်း ၁၅၀ ဦး ခန့် တက်ရောက်ကြသည်။

အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတွင် ပါဝင်သည့် စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ  မန္တလေးတိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့်ပတ်သက်သည်များအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌများထံ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များ ပေးအပ်၍ နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနား ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

မြင့်မော်ထွန်း(အောင်-စံ၊ပြန်/ဆက်)