မိုင်းဖြတ် ဧပြီ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များမှ လှူဒါန်းလျက်ရှိသည့် (၂၆) ကြိမ်မြောက် တစ်ဆုပ်ဆန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်၉နာရီက ဝမ်လုံးကျေးရွာအုပ်စု၊ ပါညုကျေးရွာ ဘုန်းကြီးကျောင်း၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ပါညုကျေးရွာ ဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးကောဝိဒထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် ကျောင်းထိုင်ဆရာတော်ထံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်အောင်နှင့် ဌာနဆိုင်ရာများ၊ အလှူရှင်များက တစ်ဆုပ်ဆန် (၂၄) ပြည်ပါ ၈အိတ်၊ စားဆီ (၁၀) ပိသာနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ၊ နဝကမ္မအလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းသိရသည်။
အဆိုပါ ဆွမ်းဆန်လှူဒါန်းခြင်းသည် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌ သီတင်းသုံးတော်မူသော သံဃာတော်များ ဆွမ်းအခက်အခဲမရှိစေရေးအတွက် တစ်လလျှင်တစ်ကြိမ် အလှည့်ကျဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်းခြင်းဖြစ်ပြီး ကျန်ရှိနေသည့် ဘုန်းတော်ကြီးကျောင်းများကို ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)