မြစ်ကြီးနား ဧပြီ ၈
ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် မြန်မာနှစ်သစ်ကူးအကြို သင်္ကြန်ဖလား ဂေါက်သီး ရိုက်ပြိုင်ပွဲကို မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်ရှိ မြစ်ကြီးနားဂေါက်ကလပ်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဧပြီလ ၆ ရက်နေ့ နံနက် ၇ နာရီ အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့သည်။
ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲဝင် ဂေါက်သီးရိုက်အသင်းပေါင်း ၂၀ ကျော်မှ ဂေါက်သီးရိုက်ကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ မြစ်ကြီးနားဂေါက်ကလပ်နာယကနှင့် တာဝန်ရှိသူများက တာထွက်နေရာမှ Smoke Ball ကို အသီးသီးရိုက်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြို့သန့်ရှင်းသာယာလှပရေးအတွက် မြစ်ကြီးနားမြို့ သခင်နက်ဖေလမ်း ကျောက်စိမ်းတုံးလမ်းဆုံနေရာမှ ပြည်ထောင်စုလမ်းဆုံနေရာအထိ မြစ်ကြီးနားမြို့မရဲစခန်းတစ်လျှောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရာထမ်း/အမှုထမ်းများ၊ Kachin State Clean & Green Team အဖွဲ့ဝင်များနှင့် အတူ လမ်းဘေးတစ်လျှောက် သစ်ပင်ကြီးများ ခုတ်ထွင်ကြီး၊ အမှိုက်ကောက်ယူခြင်း၊ မြေညှိပေးခြင်းနှင့် ရေနှုတ်မြောင်းများအတွင်း ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ ယင်းနောက် ညနေပိုင်းတွင် မြစ်ကြီးနားမြို့ မနောကွင်းအတွင်း လုံဂါပါစားသောက်ဆိုင်၌ ကချင် ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပခဲ့သော မြန်မာနှစ်သစ်ကူးအကြို သင်္ကြန်ဖလား ဂေါက်သီး ရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဂေါက်သီးရိုက်ကစားသမားများ တက်ရောက်ခဲ့ကြပြီး ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဆုအမျိုးအစားအလိုက် တစ်ဦးချင်း ဆုရရှိသူများ၊ အဖွဲ့လိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် Hole in One ဆုရရှိသူတို့အား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆုတံဆိပ်များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)